Monday, November 19, 2012

လူ့အခွင့်အရေး အလေးထားပြောကြားဖို့ အာဆီယံ လွှတ်တော်အမတ်များ အိုဘာမားကို တိုက်တွန်း

ကိုကိုအောင်
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၂ ခုနှစ်

သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ခံသော်လည်း၊ မြန်မာနိုင်ငံ၏ လူအခွင့်ရေးဆိုင်ရာ ကိစ္စများကို ဖိအားပေးသွား ရန် သမ္မတအိုဘားမားကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးရာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အမတ်များက တိုက်တွန်း လိုက်သည်။

အိုဘာမား၏ ခရီးစဉ်က မြန်မာပြည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်ရေးတိုးတက်ရန်အတွက် အထောက်ပံ့များစွာ ဖြစ်စေနိုင်မည် ဟု ယုံကြည်ကြောင်းကြေငြာချက်တွင် ဖော်ပြထားသည်။

“ အခြေအနေကအတော့်ကို ရှုပ်ထွေးပါတယ်၊ တကယ်လို သမ္မတဦးသိန်းစိန်ကို အပြောင်းအလဲတွေ မြန်မြန်ဖော်ဆောင်ဖို့ တိုက်တွန်း ရင်လည်း၊ စစ်တပ်က သဘောထားတင်းမာသူတွေရဲ ဆန့်ကျင်တာကိုလည်းခံရနိုင်တယ်၊ အိုဘားမားရဲ့ဒီခရီးစဉ်က အပြောင်းအလဲကို နောက်ပြန်မလှည့်အောင်ကြိုးပမ်းမှုဖြစ်သလို၊ လူ့အခွင့်အရေးစတဲ့ အခြေခံရပိုင်ခွင့်တွေဟာ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်တွေရဲ့ နောက်မှာ မကျန်ခဲ.ဖို့လည်းလိုပါတယ်” ဟု မြန်မာနိုင်ငံဒီမိုကရေစီရေးရာအာဆီယံအမတ်များဥက္ကဌ ဖြစ်သူ အင်ဒိုနီရှားလွှတ် တော်အမတ် Eva Kusuma Sundari ကပြောကြားကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

“သမ္မတ အိုဘားမားရဲ့ခရီးစဉ်ကနေ ခိုင်မာတဲ့ကတိကဝတ်တွေ၊ မြင်လွယ်တဲ့အောင်မြင်မှုတွေ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ပထမဆုံးလာတဲ့ အမေရိကန်သမ္မတ တစ်ဦးရဲ့ခရီးစဉ်က မြန်မာပြည်အပြောင်းလဲမှာကြုံတွေ့နိုင် တဲ့ အခက်အခဲတွေကို ကျော်လွှားဖို့တွန်းအားဖြစ်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလာပါက သည်ခရီးစဉ်၏ အောင်မြင်မှုဟုဆိုနိုင်မည်ဖြစ်ကြောင်း၊ ယမန်နေ့က အကျဉ်းသား ၄၅၂ဦး လွှတ်လာသော်လည်း နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မပါရှိသေးကြောင်း လည်း ကြေငြာချက်တွင် ဖော်ပြထား သည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်လည်း နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်ရန်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်သို့ UN မှပေးနေသော လူသားခြင်း စာနာထောက်ထားမှု့ အကူအညီများပေးခြင်းတို့ကို လက်ခံရန် သမ္မတ အိုဘားမားအနေနှင့် တွန်းအား ပေးရန် မြန်မာနိုင်ငံ ဒီမိုကရေစီရေးရာ အာဆီယံအမတ်များက တိုက်တွန်းလိုက်သည်။

အလားတူပင် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားအုပ်စုများကလည်း စစ်အစိုးရ၏ လက်ဝေခံအရင်းရှင်များ အကျိုးအတွက် တည်ဖောက်ထားသော ဟူးကောင်းတောင်ကြား ကျားထိန်းသိမ်းရေးစခန်းကို အမေရိကန် အစိုးရ အနေနှင့် ငွေကြေးထောက်ပံ့ခြင်း အား ရပ်ဆိုင်းပေးရန်တောင်းဆိုလိုက်သည်။

ကချင်လယ်သမား ၅ဝဝဝခန့်ကို ကိုယ်စားပြုသော ပန်ကြားစာ တစ်စောင်ကို သမ္မတ အိုဘားမားအား ပေးအပ်သွား မည် ဖြစ်သည်။

ယခင်စစ်အစိုးရ၏ လက်ရင်းလူယုံဖြစ်သော ယုဇနကုမ္ပဏီအား ကမ္ဘာအကြီးဆုံး ကျားထိန်းသိမ်းရေး စခန်းပြုလုပ်မည့် နေရာတွင် စိုက်ပျိုးရေးပြုလုပ်ရန် ဧက ၂ဝဝဝဝဝ (နှစ်သိန်း) အား ပေးလိုက်ခြင်း အပေါ်ကန့်ကွက်သည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ် သည်။ ဟူကောင်းတောင်ကြားကျားထိန်းသိမ်းရေးစခန်းအား အမေရိကန် အန်ဂျီအိုတစ်ခုဖြစ်သည့် သဘာဝတောရိုင်း တိရိစ္ဆာန်များထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ငွေကြေးထောက်ပံ့နေခြင်းဖြစ်သည်။

ပန်ကြားစာထဲတွင် လယ်သမားများက ငွေကြေးထောက်ပံ့နေခြင်းကို ရပ်ဆိုင်းထားရန်နှင့် ဟူးကောင်း စီမံကိန်းကို ပြန်လည်သုံးသပ် ရန်တောင်းဆိုထားသည်။

“ အမေရိကန်အလှူရှင်တွေ အနေနဲ့ စစ်အစိုးရရဲ့လူတစ်စု အကျိုးအမြတ်ထက် ဒေသခံလူတွေရဲ့အကျိုးအမြတ် ပိုရစေမယ့် စီမံကိန်း တွေကို ပိုပြီပံ့ပိုးပေးသင့်ပါတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကချင်ဖွံ့ဖြိုးရေးကွန်ယက်မှ ကိုဆန်းမိုင်က ပြောကြောင်း ကချင် ဖွံ့ဖြိုးရေးကွန်ယက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိကြောင်း သိရသည်။

အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် ခရီးဆက်လက် ထွက်ခွာမည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့