Monday, November 19, 2012

ကျားထိန်းသိမ်းရေး ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းရန် သမ္မတ အိုဘားမားထံ ကချင်တောင်သူများ တောင်းဆို

ဖနိဒါ
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေ ထောက်ပံ့ငွေကို ရပ်ဆိုင်းပေးရန်နှင့် ယင်းစီမံ ကိန်းအား ပြန်လည် သုံးသပ်ပေးရန် အမေရိကန် သမ္မတ အိုဘာမားအား ကချင်တောင်သူများက အိတ်ဖွင့်ပေးစာဖြင့် တောင်း ဆိုလိုက်သည်။

သမ္မတ အိုဘားမားထံ ပေးပို့မည့် အိတ်ဖွင့်ပေးစာတွင် သစ်တောဧရိယာများ၊ သဘာဝတောရိုင်း တိရိစ္ဆာန်တို့၏ နေထိုင်ရာ အရပ်များနှင့် ကျားထိန်းသိမ်းရေးနယ်မြေ(ကျားဘေးမဲ့ကျိုးဝိုင်း)ရှိ အသေးစား ရိုးရာ စိုက်ခင်းများကို အကြီးစား စိုက်ပျိုးရေး စီမံကိန်းအတွက် ရှင်းလင်းဖျက်ဆီးခြင်းခံနေရကြောင်းနှင့် ဒေသခံလူထုများသည် ကုမ္ပဏီ၏ အနိုင်ကျင့်ခြင်း ခံနေရသည်ဟု နိုဝင်ဘာလ ၁၆ရက်တွင် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ KDNG က ထုတ်ပြန်လိုက်သည်။


“အမေရိကန်က ငွေကြေးထောက်ပံ့နေတာ ဘာမှ အကျိုးမရှိဘူး။ ဒီငွေကြေးတွေက အစိုးရနဲ့ ကုမ္ပဏီတွေက ဘယ်မှာ အသုံးပြု နေတယ် ဆိုတာ မသိရဘူး။ ပြီးတော့ ဒေသတွေကနေ လယ်မြေတွေ သိမ်းယူတဲ့အပြင် နစ်နာကြေး လည်း မပေးဘူး။ အဲဒီလို မျိုးတွေ လုပ်နေတဲ့အပေါ်မှာ အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့မှု ရပ်တန့်ဖို့ရယ်၊ ပြန်သုံးသပ်ဖို့ကို တောင်းဆိုတာပါ” ဟု KDNG မှ ပြောရေးဆိုခွင့်ရှိသူ မဆိုင်းမိုင်က ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ လူဦးရေ ၅ဝဝဝ ၏ လက်မှတ်ရေးထိုး၍ တောင်းဆိုသည့် အိတ်ဖွင့် ပေးစာကို လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှတဆင့် ပေးပို့မည် ဖြစ်သည်။

ကမ္ဘာ့သားရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(Wildlife Conservation Society-WCS နှင့် အမေရိကန် အစိုးရတို့က ကျားထိန်းသိန်းရေးစခန်းအတွင်း လေ့လာမှုတွင် ပြုလုပ်၍ ပြန်လည် သုံးသပ်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

WSC အား အမေရိကန်အစိုးရက တစ်နှစ်လျှင် ဒေါ်လာ ၄ သန်းခန့်ထောက်ပံ့ပေးနေပြီး လယ်ယာမြေ သိမ်းခံရသည့်
ဒေသခံများ အား ထိုက်တန်သည့် နစ်နာကြေးများ မပေးခဲ့ကြောင်း မဆိုင်းမိုင်က ဆက်ပြောသည်။

“ကမ္ဘာ့ကျားထိန်းစခန်းလို့သာ ပြောတာ၊ အထဲမှာ အစိုးရနဲ့ အကျိုးတူ လုပ်စားနေတဲ့ ယုဇန ကုမ္ပဏီက အကြီးစား စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်စားသောက်နေတယ်။ ဒီလို ကျားထိန်းသိန်းရေးစခန်းမှာ ယုဇန ကုမ္ပဏီက ဖျက်စီးနေတာကို အစိုးရကလည်း သိသိကြီးနဲ့ လွှတ်ထားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အမည်ခံပြီး စီမံကိန်းများ လုပ်ဆောင်နေသည့် စစ်ဗိုလ်ချုပ်အပေါင်းအပါများ၏ စီးပွားဖက်များကို ငွေကြေးထောက်ပံ့နေမည့်အစား ပြည်သူ လူထုအား စွမ်းရည် မြင့်တင်သည့် လုပ်ငန်းများကို ထောက်ပံ့သင့်သည်ဟု မဆိုင်းမိုင်က အကြံပြုထားသည်။

၎င်းဒေသအတွင်း ယုနဇ ကုမ္ပဏီက ပီလောပီနံ၊ ကြံ စိုက်ပျိုးရန်အတွက် ဖားကန့်မြို့နယ် ဝါရာဇွပ်၊ ဘန်ကောက်၊ နမ်ဆိုင်၊ ရှရုဇွပ် စသည့်ကျေးရွာများမှ ဒေသခံတောင်သူများ၏ ဥယျာဉ်၊ ခြံမြေနှင့် လယ်မြေ ဧက ၁ဝဝဝ ကျော်အား သိမ်းယူခဲ့ပြီး ထိုက်တန်သည့် နစ်နာကြေး မပေးသဖြင့် ဒေသခံများ ယုဇနကုမ္ပဏီအား တရားစွဲဆိုခဲ့သည်။

တောင်သူ ၅၅ ဦးက သုံးနှစ်စာ နစ်နာကြေးရရန် တရားစွဲဆိုမှုကို ပြည်နယ်တရားရုံးက ယုဇန ကုမ္ပဏီဘက်မှ လယ်၊ ယာ၊ ဥယျာဉ်ခြံမြေ လျော်ကြေးအဖြစ် အမြင့်ဆုံး ကျပ် ၁ သိန်းမှ အနှိမ့်ဆုံး ကျပ် ၃ သောင်းပေးဆောင်ရန် အမိန့်ချ ခဲ့သည်။ သို့သော် တောင်သူများက မကျေနပ်သဖြင့် ယနေ့ထိ နေပြည်တော် တရားရုံးချုပ်သို့ အယူခံတင်ထားဆဲ ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ဝ ရက်နေ့က တောင်သူဒေသခံများက သိမ်းယူထားသော မြေများထဲမှ လယ်ဧက တစ်ထောင်ကျော်ကို မူလပိုင်ရှင် တောင်သူများထံ ပြန်လည် ပေးအပ်သွားမည်ဟု ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က ကတိပြုခဲ့သည်။

အကျယ်အဝန်း ၈၄၅၂ စတုရန်မိုင်ရှိ ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောကို ယခင်စစ်အစိုးရက WCS ၏ ထောက်ပံ့ မှုဖြင့် ၂ဝဝ၁ ခုနှစ် စတင်တည်ထောင်ခဲ့သည်။ သို့သော် ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာအကြီးဆုံး ကျားထိန်းသိမ်း စောင့်ရှောက်ရေး နယ်မြေ ဧက ၂ သိန်းကျော်ကို စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူ ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီက ဒေသခံ တောင်သူများ၏ လယ်ယာမြေ များအား အတင်းအဓမ္မ သိမ်းယူပြီးသတ်မှတ်ခဲ့သည်။

၂ဝ၁ဝ ခုနှစ် ထုတ်ပြန်ခဲ့သော WCS ၏ အစီရင်ခံစာအရ ဥပဒေမဲ့ အမဲလိုက်မှုများကြောင့် ဟူးကောင်း ချိုင့်ဝှမ်းဒေသ တွင် ကျား ကောင်ရေမှာ ၅ဝ ခန့်အထိ လျော့ကျသွားခဲ့သည်ဟု ဆိုထားသည်။ ဟူးကောင်းချိုင့်ဝှမ်းသည် ကချင်ပြည်နယ်၏ အနောက်ဘက် ချင်းတွင်းမြစ်နှင့် ဗြဟ္မပုတ္တရမြစ်တို့၏ ရေဝေကုန်းတန်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့