Monday, July 11, 2011

တရားရှုံး RNDP ကိုယ်စားလှယ် ၃ ဦးကိစ္စ မနက်ဖြန် ရန်ကုန်ရုံးတွင် ဆွေးနွေးမည်

7/10/2011

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အထူးတရားခုံရုံးက အရှုံးပေးလိုက်သော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် (၃) ဦး အရေးကို မနက်ဖြန် (အင်္ဂါနေ့) တွင် ရန်ကုန် တွင် ပါတီ ခေါင်းဆောင်များ ဆွေးနွေးကြ မည်ဟု သတင်း ရရှိသည်။


ပါတီ ဒုဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအုံးတင်က " ကျွန်တော်တို့က ဘာဆက်လုပ်မလဲ ဆိုတာ မနက်ဖြန်မှ ပါတီ ခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဓိကတော့ ဥပဒေကြောင်း အရ ပြင်ဆင်ချက် ( အယူခံလွှာ) တင်သင့် မသင့်ကို ရှေ့နေတွေနဲ့ တိုင်ပင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပေါက်တောမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊ ပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ကို ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်များက မဲမသမာမူ ပြုလုပ်သည်ဟု ဆိုကာ တိုင်တန်းထားချက်ကို ရွှေးကောက်ပွဲ ကော်မရှင် အထူးခုံရုံးက ယခုလ (၆) ရက်နေ့ဆုံးဖြတ်ရာ ရခိုင်အမတ်များကို အရှုံးပေးခဲ့သည်။

" ဦးကျော်ထွန်းအောင်ကတော့ အငြိမ်းစား တရားသူကြီးဆိုတော့ သူက သူအမူကို သူကိုယ်တိုင် အသနားခံစာ တင်သွင်းမလို့ ပြောပါတယ်။ ဦးအောင်ကျော်ဇံနဲ့ ဦးမောင်ကျော်သိန်းကျတော့ ဘယ်လို လုပ်မလဲ ဆိုတာကို သူတို့နဲ့ ညှိနိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးအုံးတင်က ပြောသည်။

ဦးအုံးတင်မှ ယခုကဲ့သို့ ရခိုင် ကိုယ်စားလှယ် (၃) ဦး မဲရှုံးရခြင်း အပေါ် ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

" အခုလို အမူ (၃) မူမှာ ရှုံးတယ်ဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မေးကြည့်တဲ့ အခါ သူတို့က မဲကတော့ အပြတ်အသတ်နိုင်တယ်။ ဒါကြောင့် မဲကြောင့်တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့ မဲဆွယ် စည်းရုံး တဲ့အခါများ ဥပဒေနဲ့ မကိုက် တာကိုတွေ့လို့ အရှုံးပေးသလားဆိုတာတော့ မသိဘူးလို့ ပြောပါတယ်။ ဘာကြောင့် ရတပ ကိုယ် စားလှယ်တွေ ရှုံးတယ်ဆိုတာတော့ ဆုံးဖြတ်တဲ့ ကော်မရှင် လူကြီးတွေသာ သိပါလိမ့်မယ်" ဟု သူက ပြောသည်။

ယခု အမူ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော ပေါက်တောမြို့နယ်ကိုယ်စားလှယ် (၃) ဦးမှာ တခြား ရခိုင် လွှတ်တော် ကိုယ်စားလှယ် (၆) ဦးနှင့် အတူ ကြံ့ခိုင်ရေး ပါတီမှ ပြိုင်ဘက် ကိုယ်စားလှယ်များ၏ တရားစွဲဆိုခြင်းကို ခံခဲ့ကြသူများ ဖြစ်သည်။

သူတို့ (၃) ဦးမှာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကျန် လွှတ်တော် ကိုယ်စားလှယ် (၆) ဦးမှာ အနိုင်ရရှိခဲ့သည်။

Ref: Narinjara

0 comments:

အပေါ်သို့