Tuesday, May 3, 2011

ကြက်သားစက်ရုံ အဓိကရုဏ်းအတွင်း ပျောက်ဆုံးသေနတ် ပြန်တွေ့"

မေလ (၂) ရက်၊ ၂၀၁၁။

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖက်ချပွန်ခရိုင် ဘွန်းစံဖန်းမြို့နယ် ကန်းကျူ့ ကျေးရွာအုပ်စု အိမ်အမှတ် (၉၉) ကြက်သား စက်ရုံ Company Golden Line Business Co.,Ltd အဓိကရုဏ်း ကို ဓါတ်ပုံ ၀င်ရိုက်ခဲ့သည့် ထိုင်းရဲထံမှ မြန်မာ အလုပ်သမားများ လုယက် ယူငင်ခဲ့သည့် ပစ္စတိုသေနတ်ကို ယမန့်နေ့ ညနေပိုင်းက အလုပ်သမားများ ၀ိုင်းဝန်း ရှာဖွေ့ကြသဖြင့် တွေ့ရှိခဲ့ပြီး အလုပ်ရုံ တာဝန်ရှိသူထံသို့ ပြန်လည် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၇) နေ့က အဆိုပါ အလုပ်ရုံအစောင့် (ယမ်း) နှင့် ထောင်ချီရှိသည့် မြန်မာ အလုပ်သမားများ အဓိကရုဏ်း ဖြစ်နေစဉ် ဓါတ်ပုံ ၀ှက်ရိုက်သည့် အသက် (၄၀) ကျော်အရွယ် ထိုင်းရဲတစ်ဦးအား မြန်မာ အလုပ်သမားများက ၀ိုင်းဝန်းရိုက် ခဲ့ကြသည်။ ကယ်မရာကို ရိုက်ခွဲပြီး ပစ္စတို တစ်လက်ကို ဖျောက်ဖျက် ပစ်ခဲ့ကြသည်။ ရုံးခန်းတစ်ခန်း ဟိုင်းလတ်နှင့် ဖိုးဝီးကား (၄) စီးကိုလည်း ရိုက်ခွဲခဲ့ကြသည်။

ပျောက်ဆုံးနေသည့် ထိုင်းရဲသေနတ်အား မတွေ့ရှိပါက လာမည့် မေလ (၃) ရက်နှင့် (၄) ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ၀င်ရောက် မွှေနှောက် ရှာဖွေမည်ဖြစ်ကြောင်း၊ မသင်္ခါသူများအား ဖမ်းဆီး အရေးယူမှုများ ရှိပါက စက်ရုံမှ တာဝန် မယူနိုင်ကြောင်း အလုပ်သမားများအား အလုပ်ရုံမှ ပြောဆိုထားသည်။

ယမန့်နေ့ ညနေ (၅) နာရီကျော်ခန့်က မြန်မာအလုပ်သမားများအား စည်းဝေးတိုင်ပင်ပြီး အလုပ်သမား (၄၀၀) ခန့် ၀ိုင်းဝန်း ရှာဖွေခဲ့ကြသည်။ အလုပ်သမား ကိုရဲက “ကျနော်တို့ ကြိုးစားပြီးရှာကြတယ် ကိုဖြိုးဆိုတဲ့ အလုပ်သမားတစ်ယောက်က အမျိုးသမီး အိမ်သာရှေ့က မြက်တောထဲက ရတယ်။ မန်နေဂျာက သူကို ရုံးခန်းကို ခေါ်သွားပြီးတော့ ဆုငွေအဖြစ် ဘတ်ငွေ (၂၀၀၀) ပေးတယ်။ ပြီးတော့ အဲဒီ ပြဿနာတက်တဲ့ နေ့က ကျနော့် အမျိုးသမီး နွယ်ဦးနဲ့ ကျနော့် ညီမလေး ပန်းအိတို့က မန်နေဂျာရဲ့ကားကို အလုပ်သမားတွေ ၀ိုင်းဖျက်ဆီးဖို့ လုပ်တာကို တားမြစ်ခဲ့တဲ့အတွက် ဆိုပြီး တယောက်ကို ဘတ် (၁၀၀၀) စီပေးပါတယ်” ဟု ပြောသည်။

အလုပ်သမားများ ၀ိုင်းရိုက်ခံခဲ့ရသည့် ထိုင်းရဲမှာ ဆေးရုံ တင်ခဲ့ရသည်။ ဧပြီ (၃၀) ရက်နေ့တွင် မြန်မာသံရုံးမှ တာဝန်ရှိသူများ လာရောက် တွေ့ဆုံ ခဲ့ကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။ မြန်မာ အလုပ်သမားများနှင့် အခင်း ဖြစ်ပွားခဲ့သည့် အစောင့် (ယမ်း) များကိုလည်း အလုပ်ရုံမှ ထုတ်ပယ် လိုက်ပြီး ဖြစ်သည်။

အလုပ်သမား ကိုကျော်ကျော်က “မြန်မာသံရုံးက ဧပြီလ (၃၀) ရက်နေ့ မှာ ကျနော်တို့ အလုပ်ရုံ ဂိတ်ပေါက်ကို ရောက်နေပြီ ဆိုပြီးတော့ ကျနော့်ကို ဖုန်ုး ဆက်ခဲ့တယ်။ လူချင်းတော့ တွေ့ ခွင့် မရလိုက်ဘူး။ ဘာမှ မစိုးရိမ်ကြဖို့ ပြောခဲ့တယ်။ ဘာလုပ်ပေးမယ် ဆိုပြီးတော့ မပြောခဲ့ပါဘူး။ ခု အလုပ်ရုံကို (၄) ရက်နေ့ အထိ ပိတ်ထားတယ်။ ဒီနေ့ စက်ရုံ ပိုင်ရှင် သူဌေးတွေ ကြက်ရုပ်ကို ပူဇော် ကန်တော့ပွဲ လုပ်ကြတယ်။ အခြား ပြဿနာတော့ ဘာမှမရှိပါဘူး”ဟု ပြောဆို သွားသည်။

အဆိုပါ အလုပ်ရုံတွင် မြန်မာ အလုပ်သမား (၅၀၀၀) ကျော်ခန့် ရှိပြီး အစောင့် (ယမ်း) များက မြန်မာ အလုပ်သမ ငယ်များအား မဖွယ်မရာ ကိုင်တွယ်ခြင်း၊ နောက်ပြောင်ခြင်းများ ရှိခဲ့ကြသည်။ ထို့ အပြင် နောက်ထပ် အလုပ်သမားများ မကျေနပ်ကြသည့် အကြောင်းတစ်ချက်မှာ ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့က စက်ရုံဝင်းအတွင်း စက်ဘီး စီးပြီးသွားနေသည့် ပဲခူးတိုင်း၊ ဝေါမြို့နယ် မြစ်ကျွန်းမှ အသက် (၃၀) ကျော်အရွယ် ကိုဝင်းအောင် ဆိုသူအား ထိုင်း အလုပ်သမား တစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိ ခဲ့သဖြင့် ဦးခေါင်းကို ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ လူနာမှာ ယခုအထိ ဆေးရုံပေါ်တွင် ရှိနေဆဲဖြစ်ပြီး မည်သည့်အရာကိုမှ မမှတ်မိတော့ဟု သိရသည်။ ဦးနှောက် မှတ်ဥာဏ် လုံးဝ ပျက်စီးသွားခဲ့ပြီး ဖြစ်ကြောင်း အလုပ်သမား ကိုရဲက ပြောသည်။

ထိုအလုပ်သမား အတွက် မြန်မာအလုပ်သမားများက စုပေါင်း ကောက်ခံပြီး ဆေးဝါး ကုသပေးနေ ကြသော်လည်း အလုပ်ရုံမှ မည်သို့မျှ ဖေါ်ထုတ်အရေးယူ ကူညီခြင်း မရှိသည်ကို မကျေနပ်ကြကြောင်း သိရသည်။ ယခုနောက်ဆုံး အခြေအနေအရ ယနေ့ အဆိုပါ ကုမ္ပဏီတွင် ကြက် ကန်တော့ပွဲ ကျင်းပသဖြင့် အလုပ်သမားများ အားလုံးအား နံနက်စာ ထမင်းကျွေးကြောင်း သိရှိရသည်။ ပျောက်ဆုံးနေသည့် ထိုင်းရဲ၏ သေနတ်ကို ပြန်လည်ရရှိသဖြင့် အလုပ်ရုံ လူကြီးများက အထူး ၀မ်းမြောက်ကြကြောင်း သတင်းရရှိသည်။

Ref;Arakanrewiew

0 comments:

အပေါ်သို့