Saturday, May 7, 2011

ရာသီဥတု ဆိုးရွားနေမူကြောင့် ဒေသခံရေလုပ်သားများ ပင်လယ်ထဲ မထွက်နိုင်

5/7/2011
မောင်အေး

ရခိုင်ပြည်နယ် ကမ်းရိုးတန်း တလျှောက်တွင် မကြာခဏ လေဖိအားနည်း ရပ်ဝန်းနှင့် အတူ မုန်တိုင်းငယ်များ ဖြစ်ပေါ်နေသဖြင့် ဒေသခံ ရခိုင် ရေလုပ်သားများ ပင်လယ်ပြင်သို့ပုံမှန် ငါးရှာဖွေ မထွက်နိုင်ဘဲ ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ရေလုပ်သားများ ပင်လယ်ပြင် သို့ငါးဖမ်း မထွက်နိုင်ဘဲ ဖြစ်နေရသည့် အခြေအနေကို ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားတဦး က ယခုကဲ့သို့ပြော သည်။

“အခု ဒီမှာက လေဖိအားနည်း ရပ်ဝန်းတွေ ခဏခဏဖြစ်ပေါ်နေပြီ မုန်တိုင်း ဆင်နေတဲ့ အတွက် ငါးဖမ်းသမားတွေ ငါးရှာ မထွက်နိုင်ကြဘူး။ မိုးဦးရာသီဆိုတော့ မုန်တိုင်းနဲ့ တိုးမှာကို လူတွေက အရမ်း စိုးရိမ်နေကြတဲ့ အတွက် ဖြစ်ပါတယ်။ အခုတလော ငါး ဖမ်းလှေတွေ အ၀င်အထွက် သိပ်မရှိဘူး။ ပင်လယ်လုပ်သားတွေလည်း အခုတလောမှာ အလုပ်သိပ်မဖြစ်ဘူး” ဟုသူက ပြောသည်။

မိုးလေ၀ါသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွှင် ၀က်ဆိုက်တွင် မေလ ၁၁ ရက်မှ ၁၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ရန် ၆၀ ရာခိုင်နှုန်း သေချာကြောင်း ဖော်ပြထားပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လည်း မုန်တိုင်းရှိသည်ဟု ဆိုကာ ပင်လယ်ပြင်တွင် ငါးဖမ်းနေသော ငါးဖမ်းလှေများကို ကမ်းကပ်ခိုင်းထားသည်။

“အခုအခါ သုံးနံပတ်အဆင့် အလံတင်ထားတဲ့ အတွက် ငါးရှာနေတဲ့ ဘင်္ဂလာဒေခ်ျ့ လှေ တွေ မော်တော် ဘုတ်တွေ အကုန်လုံး ကမ်းပြန်ကပ်နေကြတယ်။ သောကြာနေ့ကတည်း က သက်ဆိုင်ရာက သတိပေးမူတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်” ဟု ကော့ဘဇား ဒေသခံ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင်မူ သက်ဆိုင်ရာမှ တစုံတရာ သတိပေးခြင်းမျိုး မရှိသေးဟု သိရသည်။

သို့သော်လည်း ယခုအခါ ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားများ အနေဖြင့် ပင်လယ်ပြင်တွင် လေးပြင်းနှင့် အတူ လိုင်းကြမ်းများ တိုက်ခတ်နေသဖြင့် ငါးရှာ မထွက်ကြဘဲ ရှိနေကြ သည်ဟု သိရသည်။

“အခုတလော ငါးဈေး တက်သွားပါတယ်။ အကောင်လိုက်ဝယ်ရတဲ့ ငါးတွေက အရင် ၁၀၀၀ ကျပ် ပေးရတဲ့ ငါးတစ်ကောင်ကို အခု ကျပ် ၂၅၀၀နဲ့ ၃၀၀၀ အထိ ဖြစ်သွားတယ်။ ဈေးမှာ ငါးတွေ မတက်တော့ ငါးဈေးကတက်သွားတာ ဖြစ်ပါတယ်” ဟု ရေလုပ်သားများ ငါးရှာ မထွက်သဖြင့် ငါးရှားပါးနေကြောင်းကို ကျောက်ဖြူ မြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူမြို့နယ် ဒေသခံ အများစုမှာ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ယခုကဲ့သို့မုန်တိုင်းငယ်များနှင့် အတူ ပင်လယ်ပြင်တွင် လိုင်းကြီးများ ဖြစ်ပေါ် နေသဖြင့် ပင်လယ်ပြင်ကို မထွက်နိုင်၍ စားဝတ် နေရေး အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

Ref;Narinjara

0 comments:

အပေါ်သို့