Tuesday, May 3, 2011

မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ပိုင်
03 May 2011

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်ရေးနှင့် ပတ်သက်၍ ကူညီရန် ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာ ဆီယံ ထိပ်သီးအစည်းအဝေးမှ အာဆီ ယံ နိုင်ငံများ၏ လူထု အခြေပြု လူမှု အဖွဲ့အစည်း (CSO)များ အစည်း အဝေး သို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗီဒီယို ရုပ်သံ ဖိုင်ဖြင့် ပေးပို့သည့် မိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်း မိန့်ခွန်းတွင်“ကျမတို့ အနေနဲ့ အင်ဒိုနီးရှားရဲ့ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်ကို အားကျလေးစားပါတယ်၊ ဒီလိုဖြစ်အောင် စီစဉ်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ နည်းနာ တွေကိုလည်း ရယူလိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

အဆိုပါ အာဆီယံ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၏ အစည်းအဝေးကို ယနေ့မှ စ၍ မေလ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လူထု အခြေပြု အဖွဲ့အစည်းများမှ ကိုယ်စား လှယ်ပေါင်း ၁၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ အင်ဒိုနီးရှား ဒု သမ္မတက တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပြီးနောက် တက်ရောက်လာသူများက အာဆီယံ နိုင်ငံများ၏ ဒေသတွင်း ပြဿနာများ ကို ဆွေးနွေးကြကြောင်း ထိုအစည်းအဝေးတက်ရောက်သူ ပြည်ပအခြေစိုက် ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ၏ ဥက္ကဌ မခင်ဥမ္မာ က ပြောသည်။

ထိုအစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံရှိ လူထုအခြေပြု လူမှုအဖွဲ့အစည်းများမှ မေ ၇ – ၈ တွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ ကိုယ်စားပြု တက်ရောက်မည့်သူ ၁၀ ဦးကို ရွေးချယ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်နှင့် ပတ်သက်၍ ပြည်ပအခြေစိုက် ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများအကြား အငြင်းပွားမှုများ ဖြစ်နေသည်။

ပြည်ပ အခြေစိုက် ဒီမိုကရေစီနှင့် လူအခွင့်အရေး လှုပ်ရှားသည့် လူမှုအဖွဲ့အစည်းများတွင် မခင်ဥမ္မာဦးဆောင်သည့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၊ ဦးအောင်မျိုးမင်း ဦးဆောင်သည့် လူ့အခွင့်အရေး ပညာပေး ရေးဌာန(မြန်မာနိုင်ငံ) (HREIB) စသည့် အဖွဲ့ အစည်းများ ပါဝင်ကြောင်း သိရသည်။

ပြည်တွင်းအဖွဲ့များကို မြန်မာအစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့နှင့် လူ့အခွင့် အရေးကိုယ်စားပြု ကော်မရှင် ဥက္ကဋ္ဌ ရဲမှူးကြီးဟောင်း စစ်အေး၊ Asian Myanmar Business Organise မှ ဒေါက်တာ နေဇင်လတ် စသည့် သူများကို ရွေးချယ်၍ စေလွှတ်ခဲ့ သည်။

မခင်ဥမ္မာက“အစည်းအဝေးတက်ရောက်ခွင့်အတွက် မြန်မာအစိုးရ သစ်က လွှတ်လိုက်တဲ့ အစိုးရအရာရှိတွေ၊ စီးပွားရေးပိုင်းက အဖွဲ့တွေနဲ့ အပြိုင်အဆိုင်ဖြစ်လိမ့်မယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ရဲမှူးကြီးဟောင်း စစ်အေးနှင့် ဒေါက်တာနေဇင်လတ်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းကမှ မြန်မာအစိုးရ၏ ဥပဒေရေးရာ အကြံပေးနှင့် နိုင်ငံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ အဖြစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည်။

ယနေ့ နေ့လယ်တွင် အဆိုပါ အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် အာဆီယံ ၁၀ နိုင်ငံမှ လူထုအခြေပြု ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်ကာ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ ပေးပို့ရမည် ဖြစ်ပြီး ပေးပို့လာသည့်စာရင်းမှ တက်ရောက်ခွင့် ရှိသူ စာရင်း ကို ကြေညာမည်ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အာဆီယံ ပဋိညာဉ်အရ နိုင်ငံခေါင်းဆောင်များနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများအကြား တွေ့ဆုံသည့် အစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ပြီး ထိုနှစ်မှာပင် မြန်မာနိုင်ငံကိုယ်စား ရွေးချယ်ခံခဲ့ရသည့် မခင်ဥမ္မာကို ဆွေးနွေးသည့်နေရာသို့ ၀င်ခွင့် မပြုရန် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပသော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး တွင် မြန်မာအပါအ၀င် ၅ နိုင်ငံမှ ပြည်ပ အခြေစိုက် လူထု အခြေပြု လူမှုအဖွဲ့အစည်း(CSO)များမှ ကိုယ်စားလှယ်များကို အစည်း အဝေး သို့ တက်ရောက်ခွင့် မပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

Ref;Irrawaddy

0 comments:

အပေါ်သို့