Tuesday, May 3, 2011

ဂီရိဒဏ် ဆိုးရွားစွာခံခဲ့ရသော ဒေသများတွင် ဆန်းဈေး မြင့်တက်

5/2/2011
မောင်အေး

ရခိုင်ပြည်နယ် ဂီရိ မုန်တိုင်းသင့်ဒေသတွင် မိုးရာသီနီး ကပ်လာသည့်နှင့် တပြိုင်တည်း ဆန်ဈေးများ သိသိသာသာ မြင့်တက်သွားကြောင်း သတင်း ရရှိသည်။

“ ဆန်ဈေးမြင့်တက်သွားရတာက တခြား မြို့နယ်တွေက ဆန်တွေ ၀င်ရောက်မူ နည်းပါးသွားတဲ့ အတွက် ဖြစ်ပါတယ်။ အခု ဆန်ဈေးက တချို့ အညံ့စား ဆိုရင် ၁၆၀၀၀ ကျပ်၊ အဲဒါနည်းနည်း အဆင့် ရှိရင် ၁၈၀၀၀ ထိ တက်သွားပါတယ်” ဟု မြေပုံမြို့ ဒေသခံ တစ်ဦးက ခုလို ပြောသည်။

ယခင်က မြေပုံမြို့နယ်တွင် ဆန်တစ်အိတ် ကို ကျပ် ၁၂၀၀၀ ပတ်ဝန်းကျင်ရှိရာမှ မိုးအနည်းရွာသည်နှင့် ယခုကဲ့သို့ဆန်ဈေးများ မြင့်တက် သွားခြင်း ဖြစ်သည်။

“ အခုလို ဆန်ဈေးတက်တော့ လူတွေက ဒုက္ခပို ဖြစ်သွားရပါတယ်။ ဆန်ဈေးကျနေတဲ့ အချိန်မှာတောင် ဆန်မ၀ယ်နိုင်ဘူးဆိုရင် ခုလို ဆန်ဈေးတက်သွားရင်ပို အခက်ကြုံသွားရပါတယ်။ ဒီထက် မိုးနည်းနည်းရွာရင် ဆန်ဈေးက ဆက်တက်နိုင်ပြီး မိုးရာသီမှာ ဆိုရင် ပိုအခြေအနေဆိုးရွား သွားနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခင်နှစ်များကလည်း မြေပုံမြို့နယ်တွင် ဆန်ဝင်ရောက်မူ နည်းပါးသဖြင့် ဆန်ဈေးများ မြင့်တက် ခဲ့သည်ဟု သိရသည်။

တခြားမြို့နယ်များမှ ဆန်ဝင်ရောက်မှုနည်းပါက ဆန်းဈေးများမြင့်တက် တတ်သည့်အတွက် ယခု နှစ်တွင် ပိုမိုဆိုးရွားနိုင်ကြောင်း သူကဆက်ပြောသည်။

ဧပြီလ ၂၉ ရက်နေ့က အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန နေပြည်တော်ဝန်ကြီး ဦးအောင်ကြည်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ မြေပုံမြို့နယ်ရှိ ဂီရိသင့်ဒေသသို့ ရောက်ရှိခဲ့သော်လည်း လေဘေးသင့် ပြည်သူများ ဘ၀တိုးတက်ရေး အတွက် မယ်မယ်မယ်ရရ ပြောဆိုသွားခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

Ref;Narinjara

0 comments:

အပေါ်သို့