Wednesday, May 4, 2011

အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့ စည်းရေး NLD က ပြန်လည် ရှင်းလင်း

2011-05-03

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ မေဒေးနေ့ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ် သမား အစည်းအရုံးအဖွဲ့ ချုပ် ကိစ္စနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာသားမှာ အဓိပ္ပါယ် ကောက်ယူမှု လွဲချော်နိုင်တဲ့အတွက် ဒီကနေ့ပြန်လည်ပြင်ဆင် ကြေညာ လိုက်ပါတယ်။
ပထမ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင် ပြီး အလုပ်သမား အကျိုးကို NLD က အမြဲတမ်း ကာကွယ် စောင့်ရှောက်သွားမယ်လို့ ရေးသား ထား ပါတယ်။ ဒီရေးသားချက်အရ အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင် ဖွဲ့စည်းမယ့် သဘော သက်ရောက် သွားခဲ့ပါတယ်။ တကယ်တမ်း ဆိုလိုချင်တာက အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင်ဖွဲ့ စည်းမှာ မဟုတ်ပဲ အလုပ်သမားအဖွဲ့ပေါ်ပေါက်လာပြီးတဲ့အခါမှာ NLD က ပံ့ပိုးကူညီသွားမယ်လို့ ဆိုလိုတာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ကျတော်တို့ အရင်ထုတ်လိုက်တဲ့အထဲမှာ ၀ါကျ အထားအသိုလွဲနေလို့အဓိပ္ပါယ် နှစ်မျိုး သုံးမျိုး ပြောလာကြတယ်။ အဲဒါကြောင့်။ ဆိုလိုတဲ့ သဘောက အလုပ်သမား အဖွဲ့ချုပ်ကို NLD က ဖွဲ့မယ်ဆိုတဲ့ သဘော တချို့က သက်ရောက်နေတယ်။ အဲဒါကြောင့် အဲလို မဟုတ်ဘူး။ အလုပ်သမား အဖွဲ့ကတော့ ကိုယ့်ဖာသာကိုယ် ဖွဲ့ကြမယ်။ အဲလို ဖွဲ့ပြီးတဲ့ အခါမှာ အဖွဲ့ချုပ်ကနေပြီးတော့ အလုပ်သမား အကျိုးအတွက် ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းတွေကို လုပ်သွားမယ်လို့အဲလို ပြင်တာပါ။" တကယ်တမ်း အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့စည်းရမယ့် ပုဂ္ဂိုလ် တွေက သက်ဆိုင်ရာ အလုပ်သမားတွေ ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ဦးဥာဏ်ဝင်းက ပြောပါ တယ်။

Ref;RFA

0 comments:

အပေါ်သို့