Friday, May 6, 2011

မြန်မာကို အာဆီယံ ဥက္ကဋ္ဌ ပေးရေးဆုံးဖြတ်ရန် ရွှေ့ဆိုင်း

ခင်ဦးသာ
06 May 2011

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံကို လွှဲပြောင်းပေရေးအတွက် ဆုံးဖြတ်ချက်ကို ယခုနှစ်နှောင်းပိုင်းအထိ ရွှေ့ဆိုင်း ထားမည်ဟု လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ နာတာလ်ဂဲဝါး (Mr Natalegawa) က ပြောဆိုသည်။

Thein-Sein-and-Susilo-Bambang-Yudhoyono

မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေရေးအဖွဲ့တခု မကြာမီရက်သတ္တပတ်အတွင်း စေလွှတ် မည်ဖြစ်ပြီး မြန်မာပြည် အာဆီယံ ဥက္ကဋ္ဌ တာဝန် ပေးရေးကို အလောသုံးဆယ် လုပ်ဆောင်သွားမည် မဟုတ်ဟု မစ္စတာ နာတာလ်ဂဲဝါး က ဧရာဝတီသို့ ယနေ့ ပြောသည်။

“ဒီခရီးစဉ်ကနေ နိုင်ငံရေးအခြေအနေတွေ၊ အစိုးရသစ်ဟာ ဘာအပြောင်းအလဲတွေ လုပ်ထား ပြီလဲဆိုတာတွေ လေ့လာသွားမယ်၊ လေ့လာပြီးမှ ဥက္ကဋ္ဌ တာဝန်ပေးသင့် မပေးသင့် စဉ်းစားသုံးသပ် သွားမယ်”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးက ဆက်ပြော သည်။

မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည်ဆိုပါက အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနိုင်ခြေရှိမရှိဆိုသည် ကိုလည်း အကဲဖြတ်ရမည်ဟု မစ္စတာ နာတာလ်ဂဲဝါး က ဆို သည်။

မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌ တာဝန်ပေးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ လာရောက် မည့် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်လည်း တွေ့ဆုံလိုကြောင်း မစ္စတာ နာတာလ်ဂဲဝါးက ပြောဆို သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာ အစိုးရ သစ်၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရေး အတွက်လျှောက်ထားခဲ့ သည်။

“မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေတွေကို မသုံးသပ်နိုင်ဘဲနဲ့ အစိုးရသစ်ကို လူအများ ရဲ့ယုံကြည်မှုတွေပေးဖို့ ဖိအား ပေး တာမျိုးကို လက်မခံနိုင်ဘူး”ဟု အင်ဒိုနီး ရှားနိုင်ငံ ခြားရေးဝန်ကြီးက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ၌ မေလ ၇ ရက်နှင့် ၈ ရက်နေ့တွင် ပြုလုပ်မည့် ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (The 18th Asean Summit) မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အာဆီယံ ဥက္ကဋ္ဌ တာဝန်အား မြန်မာကို ပေး သင့်မပေးသင့် ကိစ္စများကို အကြိုဆွေးနွေးခဲ့ကြသော်လည်း အဖြေမရကြသေးပေ။

မြန်မာနိုင်ငံ သမ္မတသစ် ဦးသိန်းစိန်သည် နံနက်ဖြန်ပြုလုပ်မည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် မည် ဖြစ်ပြီး ၎င်း၏ အစိုးရသစ်အား အာဆီယံနှင့် နိုင်ငံတကာ၏ ထောက်ခံမှုရရှိရေးတို့ကို လိုလားသည့် လက္ခဏာများကို လည်း တွေ့ နေရ သည်။

မြန်မာနိုင်ငံ၌ စစ်တပ်မှအရပ်သားပုံစံပြောင်းလာသော အစိုးရကို အပြုသဘောဆောင်သော အပြောင်းအလဲဟု ရှုမြင်ကြပြီး သမ္မတသစ် ဦးသိန်းစိန်သည် ဆွေးနွေးရ လွယ်ကူသော သဘောထား ပျော့ပျောင်းသည့် ခေါင်းဆောင်တဦးဖြစ်မည်လိမ့်ဟု အာရှသံတမန်များက မျှော်လင့် နေကြကြောင်း သိရ သည်။

ထိုင်းဝန်ကြီးချုပ် အဖီဆစ်ဝေ့ချာချီဝ က“မြန်မာအစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံဖို့ နည်းလမ်း ကလွဲရင် တခြားရွေးချယ်စရာ ဘာမှမရှိဘူး၊ ထိတွေ့ဆက်ဆံမှုမလုပ်ဘူး ဆိုရင်မြန်မာပြည်သူ တွေရဲ့အခြေအနေဟာ လက်ရှိထက် အများကြီးဆိုးသွားလိမ့်မယ်”ဟု မကြာသေးခင်က ဧရာဝတီကို ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအား အာဆီယံ ဥက္ကဋ္ဌတာဝန်ပေးရေးမပေးရေး ကိစ္စသည် အာဆီယံအဖွဲ့ကြီး အပြင် အနောက်နိုင်ငံများထောက်ခံမှုလည်း လိုအပ်ပြီး အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ ရေးအခြေအနေတိုးတက် ပြောင်းလဲလာမှု မတွေ့ရသေးဟုဆိုကာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကို ကန့်ကွက်ထားသည်။

မစ္စတာနာတာလ်ဂဲဝါး သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် မြန်မာအစိုးရကို တောင်းခံခဲ့သော်လည်း ဦးသိန်းစိန်ခေါင်း ဆောင်သော အစိုးရသစ်သည် အလုပ်များလွန်း နေသေးသည်ဟု ဆိုကာ လာရောက်ခွင့်မရခဲ့ပေ။

သို့သော် အာဆီယံ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ရက်ပိုင်း အလို မေလ ၃ ရက်နေ့၌ ၎င်းအား လာရောက် လည်ပတ်ခွင့် ပြုကြောင်း မစ္စတာနာတာလ်ဂဲဝါး က ဆက်ပြောသည်။

“အာဆီယံ ထိပ်သီးအစည်းအဝေး ကိစ္စနဲ့အလုပ်များနေတဲ့အချိန်မှာ ချက်ချင်း လာခွင့် ပြုတော့ ကျနော်လည်း မသွားနိုင်တော့ ဘူး ပေါ့”ဟု ၎င်းက ဆိုသည်။

“မြန်မာစိုးရက သူ့အကျိုးစီးပွားအတွက် ကျနော့်ကို အသုံးချလိုက်မှာလည်း ကျနော်စိုးရိမ် တယ်ဗျာ”ဟုလည်း မစ္စတာ နာတာလ်ဂဲဝါး က ဆက်ပြောသည်။

ဂျကာတာ၌ ယမန်နေ့ကပြုလုပ်သော အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး(The ASEAN Senior Officials Meeting)၌၂၀၁၄ အတွက်အာဆီယံ ဥက္ကဋ္ဌ တာဝန်အား မလေးရှားနိုင်ငံကသာ ယူသင့်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မှသာ ယူသင့်သည်ဟု စင်္ကကာပူကိုယ်စားလှယ်က ပြောဆိုပြီး ထိုင်းကိုယ်စားလှယ်ကမူ ၂၀၁၄ တွင်မြန်မာနိုင်ငံက ယူလျှင် လည်း ပြဿနာမရှိဟု ပြောဆိုခဲ့သည်။

၂၀၀၆ ခုနှစ် အာဆီယံ၏ ဥက္ကဋ္ဌတာဝန်ယူရန် အလှည့်ကျခဲ့သေည်လည်း ယခင် နအဖ စစ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖိအားများ၊ အမေရိကန်အစိုးရ၏ ဖိအားများ စသည်တို့ကြောင့် ဥက္ကဋ္ဌ တာဝန်ယူရန် မြန်မာအစိုးရအနေဖြင့် အဆင်သင့်မဖြစ် သေး ဟု ဆိုကာ ၂၀၀၅ ခုနှစ်က ငြင်းပယ်ထားခဲ့သည်။
Ref;Irrawaddy

0 comments:

အပေါ်သို့