Saturday, May 7, 2011

အာဆီယံ လူကုန်ကူးမှု တိုက်ဖျက်မည်

အောင်မြတ်စိုး
မေလ ၀၆ ရက် ၂၀၁၁ ခုနှစ်

အရှေ့တောင်အာရှ နိုင်ငံများအသင်းကြီးမှ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်ကို တိုးမြှင့် သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပနေသည့် ညီလာခံအပြီး ထုတ်ပြန်မည့် ကြေညာချက်မူကြမ်းတွင် ပါရှိသည်ဟု ထိုင်း MCOT သတင်းတရပ်မှ ဖော်ပြပါရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးရေး လုပ်ဆောင်နေသည့် မဟာချိုင် အခြေစိုက် Labour protection Network(LPN) အလုပ်သမားအကာအကွယ် ပေးရေး ကွန်ယက် ဒါရိုက်တာ ခွန်စုန်ဖုန်းဆာကဲယော့မှ “ဒါကောင်းတဲ့ လက္ခဏာပါ အစိုးရပိုင်း က ပူးပေါင်းဆောင်ရွက်မှုတွေ ပါလာမယ်ဆိုရင်ပေါ့၊ ကျနော်တို့ ကြိုဆိုပါတယ်၊ ဒီကိစ္စ္စကို အစိုးရတာဝန်ရှိသူတွေက အလေးအနက်ထားလုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုပါတယ်” ဟုမဇ္စ္ဈိမကို ပြောဆိုသည်။

UNODC ကမ္ဘာ့ကုလသမဂ္ဂ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန အစီရင်ခံစာ အရ ကမ္ဘာပေါ်တွင် လူ ၂.၅သန်း လူကုန်ကူးခံနေရသည့် အခြေအနေတွင်ရှိပြီး ထိုအထဲ မှ ၅၆ ရာခိုင်နှုန်းရှိသည့် လူဦးရေ ၁.၄သန်းသည် အာရှနှင့် ပစိဖိတ်ဒေသတွင်ဖြစ်သည် ဟု ဆိုသည်။ လူကုန်ကူးမှု ၇၉ရာခိုင်နှုန်းသည် လိင်အမြတ်ထုတ်မှု အတွက်ရည်ရွယ် ပြီး ၃ဝရာခိုင်နှုန်းသည် အတင်းအဓမ္မ အလုပ်စေခိုင်းမှုဖြစ်သည်ဟု ဖော်ပြပါရှိသည်။

၁၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (The 18th Asean Summit)ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်၌ မေလ ၇ နှင့် ၈ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန် တက်ရောက်သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် အရှေ့တီမောနိုင်ငံတို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနကို ၂ဝဝ၄ ဇွန်လတွင်စတင်ဖွဲ့စည်းခဲ့သည်။ ၂ဝဝ၃မှ ၂ဝဝ၇ အတွင်း လူဦးရေ ၃၅ဝမှ ၄၂၅ဦးအထိ လူကုန်ကူးမှု ကျူးလွန်သူများကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ပျမ်းမျှလူဦးရေ ၁ဝဝဝခန့် နှစ်စဉ်လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့ကြရသည်။ ထိုအထဲမှ ၄၁၈ဦးကို နိုင်ငံခြားတိုင်းပြည်များမှ ပြန်လည်ကယ်တင် နိုင်ခဲ့သည်ဟု အစီရင်ခံစာ တခုကဆိုကြောင်း first 11 သတင်းကဆိုသည်။ ထို့နောက် ၂ဝဝ၇မှ ၂ဝ၁၁အထိ ၅နှစ်တာစီမံချက်ဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို မြန်မာအစိုးရမှ စီမံကိန်းချ ဆောင်ရွက်နေခဲ့သည်။

အဆိုပါလူကုန်ကူးခံရသူများအထဲတွင် ကလေးသူငယ်များပါဝင်ပြီး ၂ဝဝ၆မှ ၂ဝ၁ဝ အထိ နှစ်စဉ် ကလေးသူငယ် ၁ဝဝခန့်မှာ လူကုန်ကူးခံနေရကြောင်း အစီရင်ခံစာကို ကိုးကား၍ ဆက်လက်ပါရှိသည်။ သို့ရာတွင် ထိုင်းနိုင်ငံအတွင်း အမှန်တကယ် လူကုန်ကူးခံနေရသည့် မြန်မာပြည်သား အရေအတွက်မှာ လွန်စွာများပြားကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများကဆိုသည်။

“ကျနော်တို့ဝင်ခဲ့တဲ့ စက်ရုံတရုံမှာဆိုရင် လူပေါင်း ၈ဝဝကျော်ရှိတယ်၊ နောက်စက်ရုံ တရုံဆိုရင် ၃ဝဝ၊ ကလေးတွေလည်းမနည်းဘူး အသက်၁၃နှစ်အရွယ်တွေများတယ် အားလုံးပေါင်း ၈ဝ လောက်ရှိတယ်” ဟု လူကုန်ကူးခံရကာ အကူအညီမဲ့နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို LPNနှင့်ပူးတွဲ လုပ်ဆောင်ကာ ကယ်ဆယ်နိုင်ခဲ့သည့် SUB ပင်လယ်ပျော်များသမဂ္ဂ္ဂမှ ဦးကိုကိုအောင်ကလည်း မဇ္စ္ဈိမကို ပြောဆိုသည်။

အဆိုပါ မဟာချိုင်၊ ဘန့်တောင်ဒေသရှိ စက်ရုံသည် မြန်မာနိုင်ငံမှ လူကုန်ကူးသူများနှင့် တိုက်ရိုက်ဆက်သွယ်ကာ မြန်မာအလုပ်သမားများနှင့် ကလေးသူငယ်များအား လုပ်အားခ မပေးဘဲ မြေအောက်ခန်းနှင့် ထပ်ခိုးများတွင် ထားရှိကာ အတင်းအဓမ္မ ပိတ်လှောင်ကာ အလုပ်စေခိုင်း ခဲ့သည့် စက်ရုံဖြစ်သည်။

ချွန်ဘူရီခရိုင်ကဲ့သို့ ငါးဖမ်းလုပ်ငန်းများရှိရာ လှေဆိပ်များသို့ သွားရောက်ကာ ရှောင်တခင် ဖမ်းဆီး ကယ်တင်ပါကလည်း တညလျှင် လူပေါင်း၊ ၅ဝ-၆ဝ ခန့်ကို လှေများအပေါ်မှ ကယ်တင် နိုင်ကြောင်းလည်း သူကဆက်ပြောသည်။

LPN နှင့် SUB အဖွဲ့တို့သည် လူကုန်ကူးခံရသည့် ရွှေ့ပြောင်း အလုပ်သမားများနှင့် ကလေးသူငယ်များကို လွန်ခဲ့သည့် ၅နှစ်ကတည်းက အခြားအဖွဲ့များနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေး လုပ်ဆောင်လာခဲ့သည်မှာ ယခု မြန်မာပြည်သား အနည်းဆုံး ၂ဝဝဝ ကျော်ကို လူကုန်ကူးသူများလက်မှ ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သူက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည့်သူများကို ပြန်လည်ကယ်ဆယ်ရရှိပါက ပြန်လည် ပြုစုပျိုးထောင်ရေး စခန်းများတွင် ယာယီထားရှိကာ အမှုရင်ဆိုင်စဉ်ကာလအတွင်း နိုင်ငံတွင်းနေထိုင်၍ အလုပ်လုပ်ကိုင်ခွင့် ပေးထားမည်ဖြစ်ကြောင်း မေလ၁ရက်နေ့က ကျရောက်သည့် နိုင်ငံတကာ အလုပ်သမားများနေ့တွင် ထိုင်းအလုပ်သမား ဝန်ကြီးက တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

“အစိုးရဝန်ထမ်းတွေအထဲက လာဘ်စားပြီး ဒီလူကုန်ကူးမှုမှာ ပါဝင်ပတ်သက် နေသူတွေ ကိုလည်း ထိထိရောက်ရောက် အရေးယူ သွားဖို့လည်း လုပ်ဆောင်စေချင်ပါ တယ်၊ ပြီးတော့ လူကုန်ကူးခံရတဲ့ သားကောင်တွေကို ပြန်လည်ပြုစုပျိုးထောင်မူ လုပ်ဆောင်ရာ မှာလည်း ဒီထက်ပိုပြီး ဖိဖိစီးစီးနဲ့ ထိရောက်တဲ့ အကူအညီတွေပေးဖို့ လိုပါတယ်” ဟုလည်း ခွန်စုန်ဖုန်း ဆာကဲယော့မှ မဇ္စ္ဈိမကို ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များသည် လူကုန်ကူးသူများ လက်ချက်ဖြင့် ငါးဖမ်းစက်လှေများ၊ စက်ရုံ အလုပ်ရုံများတွင် ပိတ်လှောင်စေခိုင်းခြင်းခံရကာ တခါတရံ အသက်ဆုံးပါးမှုများ ရှိကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသူများက ဆိုသည်။

Ref;RFA

0 comments:

အပေါ်သို့