Monday, May 2, 2011

နာမည်ကြီး စာရေးဆရာများ သုတစွယ်စုံစာပေဆု ရရှိ

မေလ ၀၂ ရက် ၂၀၁၁ ခုနှစ်

စာရေးဆရာကြီးများဖြစ်သည့် မင်းယုဝေနှင့် မောင်ခင်မင် (ဓနုဖြူ) အပါအဝင် နာမည်ကြီး စာရေးဆရာ ၇ ဦးကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် သုတစွယ်စုံ စာပေဆုပေးပွဲက ချီးမြှင့်ခဲ့သည်။

တသက်တာစာပေဆုကို ဆရာကြီး မင်းယုဝေ၊ စာပဒေသာဆုကို အိုဆာကာ ဧည့်သည် စာအုပ်ဖြင့် မောင်ခင်မင် (ဓနုဖြူ)၊ ရည်ညွှန်းစာပေဆုကို စာအုပ် ကမ္ဘာဖြင့် ဆရာဖေမြင့်၊ ၀ိဇ္ဇာစာပေဆု ကို လွမ်းတော်မူဖို့ စာကိုစီတယ်ဖြင့် မောင်မိုးသူ၊ သိပ္ပံစာပေဆုကို အတိုင်းမသိ စကြာ ၀ဠာဖြင့် ကိုဆွေ (ပန်နိုရားမား)၊ သာသာ ပြန် စာပေဆုကို စီးပွားအောင်မြင် ခြင်း ဖြင့် ဆရာကြည်ရွှန်း၊ လူမှုစီးပွားစာပေ ဆု ကို နိဂုံးမဟုတ်သော နိဂုံး သို့မဟုတ် ရေနံစွမ်းအင်၏ စိန်ခေါ်မှုများဖြင့် ဆရာဝင်းထွဋ်ဇော် တို့ ရရှိသည်။ တသက်တာ စာပေဆုအတွက် ငွေကျပ် ၆ သိန်းနှင့် အခြားဆုများအတွက် ၃ သိန်းစီပါ ချီးမြှင့်ခဲ့သေးသည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ကြီးမှူးကာ သုတစွယ်စုံစာအုပ်တိုက်က ၂ဝဝ၉ ခုနှစ်ထုတ် စာအုပ်များထဲမှ ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်သည်။

ဆုချီးမြှင့်ပွဲသို့ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်တို့ တက်ရောက်ခဲ့ကြသည်။

တသက်တာ စာပေဆုကို ကဗျာဆရာနှင့် စာရေးဆရာကြီး မင်းယုဝေ ရရှိခဲ့ကာ ဆရာသည် ၁၉၅၄ ခုနှစ်တွင် ဇနီးသည် ငွေတာရီနှင့်အတူ အီစွတ်ပုံပြင်များဖြင့် ဘာသာပြန်စာပေဆု ရခဲ့ပြီး၊ စစ်ပြီးခေတ် မြန်မာစာပေလောက၌ ထင်ရှားသူဖြစ်သည်။ စာရေးဆရာထင်လင်းနှင့်အတူ ငွေတာရီမဂ္ဂဇင်းကို ၁၉၆ဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မင်္ဂလာမောင်မယ် ကလေးလူငယ် ဘာသာရေးစာစောင်ကို ၁၉၉ဝ ခုနှစ်ကျော်တွင် ထုတ်ဝေခဲ့သည်။

ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) (ရန်ကုန်တက္ကသိုလ် အငြိမ်းစားမြန်မာစာ ပါမောက္ခ ဒေါက်တာ ခင်အေး) ၏ စာအုပ်သည် ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြား ဘာသာသာသင် တက္ကသိုလ် တွင် မြန်မာစာ ဧည့်ပါမောက္ခအဖြစ် ၁၉၉၇ မှ ၁၉၉၉ အထိ ၂ နှစ် အတွေ့အကြုံများကို ထည့်သွင်း ရေးသားထားသည်။

စာအုပ်တွင် ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ၊ ဂျပန်နိုင်ငံ၏ ပညာရေး အဆင့်အတန်း၊ မြန်မာ လူမျိုးများအပေါ် စိတ်နေသဘောထား၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခဲ့မှုများ၊ မြန်မာပြည် ရောက်ဖူးခဲ့သည့် ဂျပန်စစ်ပြန်ကြီးနှင့် တွေ့ဆုံခဲ့မှုများကို မြန်မာစာဆရာပီပီ အရေးအသား ရှင်းလင်းစွာ တင်ပြနိုင်ခဲ့။ ဆရာမှာ ဘာသာအမြင် စာပေအမြင် စာအုပ်ဖြင့် ၂ဝဝ၉ ခုနှစ်အတွက်ပင် အမျိုးသားစာပေ စာပဒေသာဆု ရရှိခဲ့သည်။ တနှစ်ထဲတွင် စာပေအမျိုးအစားတခုထဲအတွက် ပထမဆုံး နှစ်ဆု ရရှိခဲ့သည်။

မောင်မိုးသူ၏ စာအုပ်မှာ ပုဂ္ဂိုလ်ချင်း ခင်မင်သည့် ကွယ်လွန်သူ စာပေအနု ပညာရှင်များအကြောင်း ရုပ်ပုံလွှာ ဆောင်း ပါးများ ဖြစ်သည်။ ဆရာသည် ရုပ်ရှင် ဒါရိုက်တာဟောင်းနှင့် ကုမုဒြာ ဂျာနယ် အယ်ဒီတာချုပ် ဖြစ်သည်။ ယခင် ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင် ဖြစ်ခဲ့သည်။

လူငယ်ပညာပေး စာရေးဆရာဖေမြင့်၏ စာအုပ်မှာမူ ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အယူအဆနှင့် အရေးအသားများ၊ အသိပညာ ဘဏ္ဍာတိုက်များဖြစ်သည့် ခေတ်အဆက်ဆက်မှ စာကြည့် တိုက်ကြီးငယ်များ၊ လူအများအတွက် အန္တရာယ် ဖြစ်စေသည်ဟုဆိုကာ ဖြတ်တောက်၊ ဆုတ်ဖြဲ၊ မီးပုံရှို့ခံရသည့် စာအုပ်များအကြောင်း ပါဝင်သည်။

ထို့အပြင် မိမိရေးသားသော စာအရေးအသားအတွက် အကျဉ်းချ သတ်ဖြတ်ခံရသော၊ မိမိရေး စာအုပ်များနှင့်အတူ မီးရှို့ သုတ်သင်ခံရသော စာရေးဆရာ ကျမ်းပြုပုဂ္ဂိုလ်များ၊ မိမိတို့ ယုံကြည် မြတ်နိုးစွာ ဆည်းပူးရယူခဲ့သည့် စာအုပ်ထဲက အသိပညာအတွက် အရှင်လတ်လတ် မြေမြှုပ် စီရင်ခြင်း အပါအဝင် အန္တရာယ်မျိုးစုံကို ရပ်တည်ရင်ဆိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအကြောင်းပါ ထည့်သွင်းထားသည်။

ဆရာဖေမြင့်မှာ ၁၉၉၅ ခုနှစ်တွင် ’’လူသုံးကုန်ပစ္စည်း ရောင်းဝယ်သူများနှင့် အခြားဝတ္ထုတိုများ’’ စာအုပ်ဖြင့် အမျိုးသား စာပေဝတ္ထုတိုပေါင်းချုပ်ဆု ရရှိခဲ့သည်။ စာပေဂျာနယ်အယ်ဒီတာ ဖြစ်ခဲ့ပြီး၊ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ်လည်း ဖြစ်သည်။ သူပိုင် မြန်မာ့ရတနာစာအုပ်တိုက်မှ မကြန်၏ သမိုင်းစာအုပ်များ ထုတ်ဝေနေသည်။

ဆရာဝင်းထွဋ်ဇော်မှာ ထင်ရှားသည့် အက်ဆေးဆရာတဦးဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားခဲ့သူ ဖြစ်သည်။ ရေနံစွမ်းအင်နှင့် ပတ်သက်၍ သွေးနှင့် ရေနံ စာအုပ်ဖြင့် ရဲတင့်က ၂ဝဝ၉ အတွက် အမျိုးသားစာပေ ဘာသာပြန် (သုတ)ဆု ရဖူးသလို အငြိမ်းစားသံအမတ် ဦးလှမောင်၏ စာအုပ်ကိုလည်း ထွန်း ဖောင်ဒေးရှင်းက ဆုပေးဖူးသည်။

သုတစွယ်စုံစာပေဆုကို စတင်မတည်သည့် မြန်မာတိုင်းဂျာနယ် အစုစပ်ထုတ်ဝေသူ ဒေါက်တာ တင်ထွန်းဦးမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပုဇွန်တောင်မြို့နယ်မှနေ၍ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ သူသည် သုတစွယ်စုံ မဂ္ဂဇင်း၊ အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း၊ အား/ကာ အားကစား မဂ္ဂဇင်း၊ ပြည်မြန်မာ သတင်း ဂျာနယ်၊ သတင်းလွှာ ဂျာနယ်နှင့် သုတစွယ်စုံ စာအုပ်တိုက်၏ စာတည်းချုပ်လည်း ဖြစ်သည်။

ထို့အပြင် စာပေဗိမာန် စာမူဆုနှင့် အမျိုးသား စာပေဆု နှစ်ကြိမ် ရခဲ့ဖူးကာ၊ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ပညာဌာန၌ ၁၉၉၅ ခုနှစ်အထိ လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ၂၀၀၈ အတွက် ချီးမြှင့်ခဲ့ရာ တသက်တာစာပေဆုကို ဆရာချစ်စံဝင်း၊ ၀ိဇ္ဇာစာပေဆုကို တက္ကသိုလ်စိန်တင်၊ စာပဒေသာစာပေဆုကို ကိုကို (စက်မှုတက္ကသိုလ်)၊ သာသာပြန်စာပေဆုကို ကြည်မင်း၊ လူမှုစီးပွားစာပေဆုကို ဒေါက်တာချစ်၊ ရည်ညွှန်းစာပေဆုကို ကျော်ဝင်း၊ လူငယ်စာပေဆုကို ပါမောက္ခ ဒေါက်တာကျော်စိုး၊ နိုင်ငံတကာရေးရာကို ဆရာရဲထွဋ်နှင့် အသုံးချသိပ္ပံကို ဒေါက်တာစိုးလွင်တို့ ရရှိခဲ့သည်။

၂၀၀၄ ခုနှစ်အတွက် စတင်ပေးအပ်ခဲ့ရာတွင် ၅ ဆု၊ ၂၀၀၅ အတွက် ၇ ဆု၊ ၂၀၀၆ အတွက် ၁၀ ဆု၊ ၂၀၀၇ အတွက် ၁၀ ဆုနှင့် ၂၀၀၈ အတွက် ၉ ဆု ဖြစ်သည်။

Ref;Mizzima

0 comments:

အပေါ်သို့