Friday, May 6, 2011

ဒီမိုကရေစီဖော်ဆောင်ရေး အကျဉ်းကျနိုင်ငံရေး ခေါင်းဆောင်များ မျှော်လင့် ချက်နည်း

လင်းသန့်
06 May 2011

နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက သမ္မတ ဦးသိန်းစိန်၏ သမ္မတ ကျမ်းသစ္စာပြု မိန့်ခွန်းအပေါ် ကောင်းမွန်ကြောင်း ပြောဆို သော်လည်း အစိုးရသစ်နှင့် ပတ်သက်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး မျှော်လင့်ချက် လွန်စွာ နည်းပါး သေးသည်ဟု မှတ်ချက်ပြုကြောင်း မိသားစုဝင်များက ပြောပြသည်။

8888_Generation_Students

မတ်လ ၃၀ ရက်နေ့ သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် တရားဥပဒေ စိုးမိုးရေးကို အလေးထား ပြောဆိုခဲ့ပြီး ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ပေါ်ပေါက်လာ စေရေးတို့ကို ထည့်သွင်းပြောကြား ခဲ့သည်။

အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က“သတင်းစာမှာပါတဲ့ သမ္မတမိန့်ခွန်းက ကောင်းပေမယ့် လက်တွေ့လုပ်ဆောင်နိုင်မယ်လို့ သိပ်မမျှော် လင့်ဘူး”ဟု ပြောကြောင်း အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နောက်တဦးဖြစ်သူ ကိုကိုကြီး ကလည်း သမ္မတ မိန့်ခွန်းသည် အလွန်ကောင်းကြောင်း မှတ်ချက်ပေးသော်လည်း တရားဥပဒေ စိုးမိုးမှုနှင့် ပတ်သက်ပြီး ၄င်းတို့ကို မတရားသည့် ဥပဒေနှင့် ထောင်ဒဏ်ချမှတ် ခံရခြင်းဖြစ်၍ အဆိုပါ မတရား ဥပဒေ အတိုင်းထားလျှင် သက္ကရာဇ် ၂၀၇၄ ခုနှစ် ဧပြီလအထိ ထောင်ထဲ၌ ထားမည့် သဘောဖြစ်နေကြောင်း ပြောဆိုသည်ဟု အမည်မဖော်လိုသူ မိသားစုဝင်တဦးက ပြောသည်။

ပါလီမန် နှင့် သမ္မတ လုပ်ပိုင်ခွင့်ဆိုင်ရာ အလေ့အကျင့် လွန်စွာဝေးနေခဲ့ခြင်းကြောင့် အစိုးရသစ်အနေနှင့် အပြည့်အ၀ ဖော်ဆောင်နိုင်မည်ဟု မထင်ကြောင်း၊ လွန်ခဲ့သည့်လက အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ် မှုနှင့် ပတ်သက်၍လည်း အမေရိကန်အနေနှင့် မြန်မာ့အရေး ပိုစိတ်ဝင်စားမှုကိုပြသခြင်းဖြစ်၍ကြိုဆိုကြောင်း၊ အစိုးရနှင့် အတိုက်အခံအကြား ရင်ကြားစေ့ရေး၊ နိုင်ငံရေးပြဿနာအဖြေရှာရေးတို့အတွက် အထူးကိုယ်စားလှယ်အနေဖြင့် အချိန် ယူရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ကိုကိုကြီး ၏ မိသားစုဝင်က ဆက်လက်ပြောဆိုသည်။

ကိုမင်းကိုနိုင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင် နှင့် ကိုကိုကြီးသည် မိုင်းဆတ် အကျဉ်းထောင် တို့တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ စီ အသီးသီး ကျခံနေကြရသည်။ ၄င်းတို့သည် ကျန်းမာရေးကောင်းမွန်ခြင်း မရှိဟု လည်း သိရသည်။

“လူ့အခွင့်အရေး အခြေအနေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှတ်တမ်းကောင်းဖြစ်စေရေးနှင့် နိုင်ငံရေးဆိုင်ရာတွေ့ဆုံဆွေး နွေး အဖြေရှာလမ်းစဉ်တခု ခိုင်ခိုင်မာမာ ချမှတ်ခြင်းများကို မြန်မာအစိုးရသစ်က သိသာသည့်လုပ်ဆောင်ချက်များနှင့် ပြ သပြီးလုပ်ဆောင်နိုင်မှသာ နိုင်ငံတကာနှင့် သက်ဆိုင်ရာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသော နိုင်ငံများအနေနှင့် ၄င်းတို့ ၏ ပိတ်ဆို့ မှု ရုပ်သိမ်းသွားနိုင်သည်”ဟုလည်း ကိုကိုကြီးက မှတ်ချက်ပေးကြောင်း သိရသည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့အနေဖြင့် မတရားသောဥပဒေများနှင့် ထောင်ဒဏ်ချမှတ် ခံထားရခြင်းဖြစ်၍ အဆိုပါမတရား သော ဥပဒေများကို ဖျက်သိမ်းပေးရန် လိုကြောင်း၊ ပုဒ်မ ၄၀၁ အပိုဒ် ၁ အရလက်မှတ်ထိုးလွှတ်ပေးမည် ဆိုလျှင်လည်း မတရားသည့် ဥပဒေကို အသိအမှတ်မပြုလို၍ လက်မှတ်ထိုးမည်မဟုတ်ကြောင်း၊ ယခုကိစ္စသည် သင်ပုန်းချေခြင်းနှင့် အာဃာတမထားခြင်းများနှင့် မသက်ဆိုင်ကြောင်း ပြောကြားကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နောက်တဦးဖြစ်သူ ကိုဌေးကြွယ် အား မကြာခင် ထောင်ဝင်စာသွားတွေ့မည့် ယောက်ဖတော်စပ် သည့် ကိုဖြိုးမင်းသိန်းကမူ“ကျနော်ပြန်လာရင်တော့ သူ့ရဲ့ အစိုးရသစ်အပေါ် သဘေားထား ကိုအသေးစိပ်ထုတ်ပြန်မှာပါ။ အခု သိရသလောက်ကတော့ သမ္မတ မိန့်ခွန်းက ကောင်း တာတော့ပြောတယ် သိရတယ်။ လက်တွေ့ ဖြစ်ထွန်းလာဖို့အတွက်တော့ သိပ်မျှော်လင့်ထား ပုံမရသေးဘူး”ဟု ဧရာဝတီ ကို ပြောသည်။

ကိုဇာဂနာ၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင် အစရှိသည့် အခြားသောထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများကလည်း အစိုးရသစ်အနေနှင့် အမျိုးသားပြန်လည် သင့်မြတ် ရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာလုပ်ဆောင်ရန် တာဝန် ရှိကြောင်းနှင့် တိုင်ပြည်အတွက် နိုင်ငံရေးတွင် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက် သွားရန်အတွက် ၀န်းကျင်သစ် ကိုဖန်တီးလုပ်ဆောင်ရန် လိုကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့မှစတင်ကာ လွှတ်တော်ပြင်ပ ဒီမိုကရေစီအင်အားစုများက ဦးဆောင် လှုပ်ရှားခဲ့သော စုပေါင်း လက်မှတ် ရေးထိုးတောင်းဆိုမှုသည်လည်း ယခုအခါ လက်မှတ် ပေါင်း၂ သောင်းကျော်ရရှိနေပြီး အဆိုပါ လက်မှတ် ရေး ထိုးမှုတွင် ဒေါ်အောင်ဆန်းစု ကြည်၊ ဦးတင်ဦး အပါအ၀င် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ အပါအ၀င် နယ်ပယ် အသီး သီး မှ ထင်ရှားသူများလည်း ပါဝင် လက်မှတ် ထိုးကြသည်။

အဆိုပါ လက်မှတ်ရေးထိုးထားသည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အပါအ၀င် တောင်းဆိုမှုများကို ဧပြီလ၂၅ ရက်နေ့ က သမ္မတ ဦးသိန်းစိန်ထံ ပထမအသုတ်အနေဖြင့် စာတိုက်မှတဆင့်ပေးပို့ခဲ့ပြီးဖြစ်သည်။

“ပြည်သူ့အသံ”ဟု ကင်ပွန်းတပ်ထားသော စုပေါင်းလက်မှတ်ရေးထိုးတောင်းဆိုမှုများကို အပတ်စဉ် သောကြာနေ့တိုင်း သမ္မတထံ ဆက်တိုက်တင်ပြသွားမည်ဖြစ်ကြောင်းလည်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့