Monday, May 2, 2011

မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို မူကြိုကနေ ကျောင်းပြန်တက်ကြပါ

ဒေါက်တာလွဏ်းဆွေ အပိုင်း (၁) က စလွဲနေလို့၊ ကျန်အပိုင်းအားလုံးရဲ့ အလွဲတွေတော့ မပြော တော့ပါဘူး။

စစ်အေး တိုက်ပွဲကာလ တလျှောက်လုံး အမေရိကန် ဦးဆောင်တဲ့ အနောက် အုပ်စုက မြန်မာပြည်က ဦးနုကို အထင် မကြီးဘူး။ ဦးနုဟာ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘူး။ ဦးနုလို လူမျိုးနဲ့ စစ်အေးရဲ့ အထွဋ် အထိပ်အချိန်မှာ၊ မြန်မာပြည်ဟာ ကွန်မြူနစ်အောက် အချိန်မရွေး ရောက်သွား နိုင်တယ်လို့ အနောက် အုပ်စုက သဘောထား ခဲ့တာပါ။ အာဏာရှင်တွေ ဒီမိုကရေစီ အစိုးရတွေ ဆိုပြီး နိုင်ငံတွေကို စစ်အေး ကာလမှာ အနောက်အုပ်စုက ဂရုမစိုက်ဘူး။ ကွန်မြူနစ်ကို တိုက်နေရင်၊ သူတို့က ထောက်ခံနေမှာပဲ။ အနောက်အုပ်စုက ဦးနေ၀င်းကိုပဲ အထင်ကြီးတယ်။ သူ့ဟာသူ ဘယ်နည်းနဲ့ပဲ အုပ်ချုပ်၊ ဦးနေ၀င်းကမှ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တယ်လို့၊ အနောက်က သဘောထားတယ်။ ဒါပေမယ့် ဦးနေ၀င်းက လည်တော့၊ အနောက်အုပ်စုရဲ့ တပည့် မွေးတာတော့ မခံဘူး။ အမွေးခံ လိုက်ရင် ဆရာဖြစ်တဲ့ အနောက် အုပ်စုက သူ့ကို မလိုချင်တော့ တဲ့နေ့၊ သူဖြုတ် ပစ်ခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်တို့လို သူ့အောက်က ဗိုလ်ချုပ် တယောက်ယောက်ကို မြှောက်ပေးပြီး၊ သူ့ကို ရှင်းပစ်လိုက်မှာ ဆိုတာ သူသိတယ်။ နမူနာ တွေကလည်း ရှိပြီးသား။ ၁၉၆၀ အစောပိုင်းနှစ်တွေမှာ တောင်ဗီယက်နမ်မှာ အာဏာရှင် ငိုဒင်ဇင်၊ သူ့ညီ ငိုဒင်နုနဲ့ မဒမ်နု လင်မယား တို့ကို အမေရိကန်က မွေးထားပြီး၊ မလိုချင်တော့တဲ့ အခါကျတော့၊ သူ့အောက်က တောင်ဗီယက် နမ်စစ်တပ်က ဗိုလ်ချုပ်တွေကို မြှောက်ပေးပြီး အာဏာ သိမ်းခိုင်းရုံတင် မက အသေပါ သတ်ခိုင်းလို့၊ တောင်ဗီယက်နမ် မှာ ငိုဒင်ဇင်တို့ ဆွေမျိုးတသိုက် အသတ်ပါခံရပြီး၊ ဗိုလ်ချုပ်ကြီး ငုယင်ဗန်သီယူး အာဏာ သိမ်းထားလိုက်တာ၊ ၁၉၇၅ မြောက်ဗီယက်နမ်ကို စစ်ရှုံးတဲ့အထိပဲ။

အဲဒီတုန်းက အမေရိကန်အစိုးရမှာ စစ်အေးကာလမှာ ကိုယ့်ဘက်ကလူပဲ ဖြစ်ဖြစ်၊ စိတ်ကြိုက် မဟုတ်တော့ရင် လုပ်ကြံ ရှင်းလင်းရေးဆိုတဲ့ ပေါ်လစီ ရှိတယ်။ ရန်သူဘက်ကိုလည်း လုပ်ကြံတာပဲ။ ကွန်ဂိုက ကွန်မြူနစ် သမ္မတ ပက်ထရစ် လူမန်းဘားကို စီအိုင်အေ လုပ်ကြံခဲ့တယ်။ ချေဂွေဗားရားကို ဘိုလီဗီးယား စစ်တပ်က အရှင်မိတော့လည်း၊ ချက်ချင်း မသတ်ပဲ တရားရုံးတင် သေဒဏ်ပေးရင် ရ သားနဲ့၊ နိုင်ငံတကာမှာ သူရဲကောင်း လိုဖြစ်နေတဲ့ ချေဂွေဗားရား ခွေးသေ၀က်သေ သေရတယ် ဆိုတာ ကမ္ဘာကိုပြဖို့ စီအိုင်အေက ဘိုလီဗီးယား စစ်တပ်ကို ချေဂွေဗားရားကို ဖမ်းချုပ်ထားတဲ့ တောထဲက စစ်စခန်း ထဲမှာတင် သေနပ်ပစ် တပ်ဖွဲ့နဲ့ သတ်ခိုင်း ခဲ့တာပဲ။ ချေဂွေဗားရား အစစ်ဆိုတာ သက်သေ ထူနိုင်ဖို့၊ ချေရဲ့ လက်တဘက်ကို ဖြတ်ယူလာ ခိုင်းပြီး၊ ကျန်တဲ့ ခန္ဓာကိုယ်ကို တောထဲမှာပဲ မြှုပ် ခိုင်းခဲ့တယ်။ ဦးနေ၀င်းက ဒါတွေကို နောကြေနေလို့ သူ့ဟာသူ ဗကပကို တိုက်ပေမယ့်၊ အနောက် က လာလုံးတာ ကိုတော့ မခံဘူး။ တိုင်းပြည်အတွက် စဉ်းစားတာတော့ မဟုတ်ပါဘူး။

သူ့အတွက်ပါ။

ဦးနုကြီး ၁၉၇၄ မှာ လက်နက်ကိုင် တော်လှန်ရေး မအောင်မြင်လို့၊ အမေရိကားမှာ ခိုလှုံခွင့် တောင်း တာမှာ၊ ဒီနေ့ အမေရိကားမှာ မြန်မာဆိုရင် ချီးပေါသေးပေါ ပေးနေတဲ့၊ ခိုလှုံခွင့်၊ ဦးနုကို အမေရိ ကန်က မပေးဘူး။ ဦးနေ၀င်း ငြိုငြင်မှာ စိုးလို့။ ဦးနုက သူ့ကို အမေရိကန်က လက်မခံတော့၊ လက်ခံ တဲ့ အိန္ဒိယမှာ သွားနေရတာပဲ။ တခါ ဦးနုက နိုင်ငံရေး မလုပ်တော့ဘူး ဘာသာရေးပဲ လုပ်မယ် ဆိုပြီး၊ ၁၉၈၀ အစောပိုင်းမှာ ပိဋိကတ်သုံးပုံ အင်္ဂလိပ်လို ဘာသာပြန်ဖို့ နိုင်ငံခြားခရီး ထွက်တယ်။ အမေရိကန်သွားဖို့ ဗီဇာ လျှောက်တော့၊ ရန်ကုန် အမေရိကန်သံရုံးက ထောက်လှမ်းရေး မျက်မှန် တင်ဦးက တဆင့်၊ ဦးနုကို ဗီဇာ ပေးလိုက် ရမလားလို့။ ဦးနေ၀င်းကို မေးခိုင်းတယ်။ ဦးနေ၀င်းက ပေးလိုက်ပါ ဆိုမှ၊ ဦးနု ဗီဇာရ သွားတာ။ ဦးနေ၀င်းက ဘယ်သူမဆို နိုင်ငံခြား ထွက်ပြီး သူ့ကို ပုန်ကန်ရင် သိပ်ကြိုက်တယ်။ ပြည်တွင်းမှာ ပုန်ကန်ရင် ဖမ်းရ ဆီးရ ထောင်ချရနဲ့၊ သူ့မှာ နံမည်ပျက်တယ်။ နိုင်ငံခြားထွက် သူ့ကို ပုန်ကန်ဖို့ လုပ်ရင် ပထမ စားတ်နေရေး ရပ်တည်ရေး လုံးပမ်းရတဲ့ နေရာမှာတင်၊ ပြဿနာတွေ စတွေ့မယ်။ နောက်ပြီးရင် မြန်မာပီပီ တယောက်နဲ့ တယောက် ဆရာကြီးလုပ်ရင်း ကွဲ ကြပြဲကြနဲ့၊ နောက်ဆုံးတော့ ပုန်ကန်မယ့် သူတွေ သူ့ကို မပုန်ကန်နိုင်ပဲ ပြည်ပမှာပဲ လုံးပါးပါးသွား ကြမယ် ဆိုတာ၊ ဦးနေ၀င်း သိပြီးသား။ ဂျပန်ပြန် ဦးနေ၀င်းက ဒါတွေ ဖြတ်သန်း ခဲ့ပြီးပြီ။ တရုတ် ပြည် အမွိုင်မြို့မှာ သောင်တင်နေတဲ့ သခင်အောင်ဆန်းနဲ့ သခင် လှမြိုင်တို့ လုံးပါးပါး ခါနီး၊ ဂျပန် စစ်တပ်က လာခေါ်သွား လို့သာ၊ ဟန်ကျသွားတာ ဦးနေ၀င်းက သဘောပေါက်ပြီးသား။

ဒါကြောင့် စစ်တပ်ကြီးတခုခု နိုင်ငံအစိုးရတခုခုက ကျောထောက် နောက်ခံပေးမယ့် ပုန်ကန်လိုသူ တွေ မဟုတ်ရင် (ဒီနေ့ထိလည်း ဒါမျိုး သူပုန် မရှိခဲ့ပါ)၊ မြန်မာနိုင်ငံထဲက ကြိုက်သလောက်ထွက်။ ဦးနေ၀င်းက ကြိုက်တယ်။ ရှစ်လေးလုံး ကာလ ကျောင်းသား ငါးသောင်းလောက် မြို့ကြီးမြို့ငယ် တွေကနေ ထိုင်းနယ်စပ် ကို တောခို နေကြတာ ဒီအတိုင်း လွှတ်ပေး ထားတာပဲ။ နှစ်နည်းနည်း ကြာလာရင် ဒီကျောင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ၊ ဦးနုရဲ့ လက်နက်ကိုင် တော်လှန် ရေးလိုပဲ ဖြစ်သွားမှာပဲ ဆိုတာ၊ ဦးနေ၀င်းလို လူလည်ကြီးရဲ့ တပည့် ဗိုလ်ချုပ်တွေက အဲဒီတုန်းက မသိပဲ နေပါ့မလား။ ဒါကြောင့် ကျောင်းသားတွေ တောခိုဘို့ သွားနေရင်း လမ်းမှာ အဖမ်းခံကြရ တယ်ဆိုတာ မရှိသလောက်ပဲ။ တောခိုကျောင်းသား မှန်သမျှ သေဘောပိုးလို တနေ ရာရာလောက် တော့ ရောက်သွားကြတာ ချည့်ပဲ။ ဒီကျောင်းသားတွေ မြို့ပေါ်မှာ ဆန္ဒတွေ ပြနေကြလို့၊ ပစ်ခတ် ဖြိုခွင်းတော့ လူမြင်ကွင်းမှာ သေကုန်ကြတော့၊ ဦးနေ၀င်းမှာ နိုင်ငံရေးအရ ရှုံးတာပေါ့။ စစ်ပညာ မတတ်တဲ့ ကျောင်းသားတပ်ကို တောထဲမှာ အလွယ်တကူ ရှာပြီး ချေမှူန်း လိုက်တာက၊ တိုင်းပြည်က မသိ၊ ကမ္ဘာက မသိပဲ သတ်ခွင့်လိုင်စင် ရထားတာမျိုး။ ဦးနေ၀င်းက ဒါမျိုး ကြိုက်တာ။ ဦးနုကိစ္စ ပြန်ဆက်ရရင် လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့တဲ့ ၁၉၆၉- ၁၉၇၄ တုန်းကလည်း အမေရိကန်က ဦးနုကို ထောက်ခံတာ မဟုတ်၊ တပြားမှလည်း ပေးတာမဟုတ်။ Nation သတင်း စာထုတ်ခဲ့တဲ့ ဦးလောရုံက သူနဲ့ သိတဲ့ ကနေဒါ သတ္ထုတွင်း ပိုင်ရှင် တယောက်ကို ဦးနုရဲ့ တော်လှန် ရေးအောင်မြင်ရင် မြန်မာပြည်မှာ သူ့ကိုပဲ သတ္ထုရှာခွင့် ပေးမယ်။ တခြားနိုင်ငံခြား ကုမ္ပဏီတွေကို ရှာခွင့် မပေးဘူး ဆိုတဲ့ မစားရ ၀ခမန်း ကတိနဲ့၊ ဒေါ်လာ ၂ သန်းလောက် ရအောင် တောင်းနိုင်ခဲ့ တာပဲ ရှိတယ်။ ဦးနု လက်နက်ကိုင် တော်လှန်ရေး လုပ်တဲ့ အချိန်မှာ၊ အမေရိကန်ကို စိတ်ကောက် နေတဲ့ ဦးနေ၀င်းကို၊ အမေရိကန်က လိုက်ချော့ နေတယ်လေ။ စစ်လက်နက် ပစ္စည်းတွေ ရဟတ် ယာဉ်တွေ အတင်း လိုက်ပေးနေတယ်။ ဒါတွေကို အခု ဗွီအိုအေက စနေနေ့တိုင်း လွှင့်နေတဲ့ စစ် သားစကား ပြောခန်း ကနေ စစ်ဗိုလ်ဟောင်းတွေ ပြန်ပြောပြ နေပြီ။

ဦးနုကို အမေရိကန်နဲ့ အနောက်အုပ်စုက ဘယ်တုန်းကမှ အထင်မကြီးဘူး။ ၁၉၈၀ အစောပိုင်း အမေရိကန် ဗီဇာရလို့ ပိဋိကတ် သုံးပုံ အင်္ဂလိပ်လို ဘာသာပြန်ဖို့ အမေရိကား ရောက်လာတော့ လည်း၊ ဦးတင်မောင်ဝင်း တို့က ဦးနုကို နိုင်ငံရေး ပြန်လုပ်ဖို့ ပြောကြတော့၊ ဦးနုက ခါးခါး သည်း သည်းပဲ ငြင်းခဲ့တယ်။ သူ့အခြေအနေ သူသိလို့။ ဦးတင်မောင်ဝင်း ဒါတွေ သူ့စာအုပ်ထဲ ရေးထား တာပဲ။ ဒါကြောင့် ဦးနု ရှစ်လေးလုံးမှာ အစိုးရဖွဲ့တော့ ၀ိုင်းမထောက်ခံကြလို့၊ ဦးနု အစိုးရကို နိုင်ငံခြား အစိုးရတွေက အသိအမှတ် မပြုကြဘူးလို့၊ ပြောနေတဲ့ သူတွေကို ရီချင်တယ်။ ကိုယ့်တိုင်း ပြည်ထဲမှာသာ လွတ်လပ်ရေး ရအောင် လုပ်ခဲ့တဲ့ ခေါင်းဆောင်တဦး၊ နောက်ဆုံး တရားဝင်ဝန်ကြီး ချုပ်၊ ဆိုပြီး ကိုယ့်တိုင်းသူ ပြည်သားတွေက သဘောထားတာ။ စစ်အေးကာလမှာ ဦးနုလို လူမျိုးကို အနောက် အုပ်စုက ဦးလူပေါလို့ သဘောထားတာ။ ဘယ်လိုလုပ် ရှစ်လေးလုံးမှာ၊ သူအစိုးရဖွဲ့ တာ ကို နိုင်ငံတကာက အသိအမှတ် ပြုမှာလဲ။ ဦးနုက ဘာမပြော ညာမပြော ဘယ်သူ့မှ မတိုင်ပင်၊ သူဖွဲ့လိုက်တဲ့ အစိုးရ အဖွဲ့ဝင်တွေကိုတောင် အသိမပေးပဲ လုပ်ချလိုက်တော့၊ အဲဒီ ဦးနု အစိုးရ အဖွဲ့ ထဲကနေ ဦးနုကို မျက်နှာ နာနေတဲ့ ဦးဝမ်ကိုဟောကြီးက လွဲရင်၊ ရှေ့ကြောင်း နောက်ကြောင်း အခြေ အနေ အရပ်ရပ်ကို နားလည်နေတဲ့ လူတွေက ဦးနုဆီက အကုန်ပြေးကုန် ကြတာပဲ။ သတ္တိမရှိ လို့ မဟုတ်ဘူး။ ဦးလူပေါ အစိုးရအဖွဲ့ထဲ ပါလို့ မဖြစ်ဘူးဆိုတာ သိကြလို့။

တကယ်တမ်းမှာ ရှစ်လေးလုံးကနေ အပြောင်းအလဲ ဖြစ်အောင်၊ ဘယ်သူက အောင်အောင် မြင်မြင် ဦးဆောင်နိုင်မှာလဲ၊ ရှစ်လေးလုံးလဲ မအောင်၊ ဦးနေ၀င်း အစိုးရကတော့ ပြုတ်ကျနဲ့၊ ဗကပတွေ အာ ဏာရသွား နိုင်တာကို၊ အမေရိကန်က ကြောက်တာပေါ့။ ရှစ်လေးလုံး စတာနဲ့ ကွန်မြူနစ်တွေ ဒေါ်စုနား သွားကပ်ကုန်ပြီ ဆိုတာ သူတို့လဲ သိတာပဲ။ ဒါကြောင့် အဲဒီတုန်းက အမေရိကန်က မနှစ် က ကွယ်လွန်သွားတဲ့ အောက်လွှတ်တော် အမတ် စတီဗင်ဆိုလာ့ဇ်ကို လွှတ်ပြီး ဒေါက်တာ မောင်မောင် အပါအ၀င် ဦးနုတို့ ဦးအောင်ကြီးတို့ ဒေါ်စုတို့နဲ့ လာစကား ပြောပြီး တောက်ကြည့် ခဲ့တာပေါ့။ စတီဗင် ဆိုလာ့ဇ်က အဲဒီတုန်းက အမေရိကန် အောက်လွှတ်တော်ရဲ့ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ရာ ဆပ်ကော်မတီရဲ့ ဥက္ကဌ။ သူ့အလုပ် သူလာ လုပ်တာပေါ့။ သူက အမေရိကန် လွှတ်တော်က ယုံ ယုံကြည်ကြည်နဲ့ ခိုင်းခဲ့လို့ မြောက်ကိုရီးယား ကင်အီဆွန်း၊ အီရတ် ဆဒမ်ဟူစိန် တို့နဲ့ပါ သွားစကား ပြောဘူးတဲ့ လူ။ မြန်မာပြည်က ရှစ်လေးလုံး အချိန် အခြေအနေမှန်ကို သဘောပေါက် လာခဲ့တာ ပေါ့။ အမေရိကန် အောက်လွှတ်တော်ကို ပြန်ပြီး အစီရင်ခံတာက၊ ဘယ်သူမှ မြန်မာပြည်မှာ ရှစ် လေးလုံး လှုပ်ရှားမှုကနေ အပြောင်းအလဲ ဖြစ်လာအောင် တကယ်တမ်း ခေါင်းမဆောင်နိုင်ဘူး။ ဦးနု တို့ ဒေါ်စုတို့ အာဏာရရင် သိပ်မကြာဘူး၊ ကွန်မြူနစ်တွေပဲ အာဏာ လက်ပြောင်း ယူသွားလိမ့် မယ်။ ဒေါ်စုကတော့ အတွေ့အကြုံ ဘာမှမရှိလို့။ ဦးနုကတော့ ထုံးစံအတိုင်း ညံ့လို့။ ဦးအောင်ကြီး အာဏာ ရရင်တော့ ကွန်မြူနစ် မတက်နိုင်ဘူး။ ဒါပေမယ့် ဦးအောင်ကြီးကို မြန်မာ ပြည်ထဲမှာ ဘယ်သူမှ မထောက်ခံဘူး။ ဒါကြောင့် အမေရိကန်က ဘာမှ သွားမရှုပ်နဲ့၊ ငြိမ်ငြိမ်လေး ပွဲကြည့် ပရိသတ်သာလုပ်၊ စစ်အေးကာလမှာ မြန်မာစစ်တပ်က အမေရိကန်ဘက်က ရှိနေဖို့ လိုတယ်လို့ စတီဗင်ဆိုလာ့ဇ်က အစီရင်ခံခဲ့တာ။ အဲဒီအချိန်မှာ မြန်မာ စစ်ဗိုလ်တွေ ရာနဲ့ချီပြီး အမေရိကန်မှာ သင်တန်းအမျိုးမျိုးတွေ တက်နေကြတာ ငါးနှစ်လောက် ရှိနေပြီ။ စက်တင်ဘာ (၁၈) ရက် အာဏာ သိမ်းပြီးမှ၊ ဒီ မြန်မာစစ်ဗိုလ်တွေကို အမေရိကန်ကနေ အကုန်နှင်ထုတ်လိုက်တာ။ အာဏာသိမ်း ဗိုလ်ချုပ်စောမောင် အစိုးရ ပြောတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတာကို စောင့်ကြည့်ဦးမယ် ဆို ပြီးတော့ စစ်တပ်ချင်းဆက်ဆံရေးကို အမေရိကန်အစိုးရနဲ့ လွှတ်တော်က ရပ်ပစ်လိုက်တာ။ အမေရိ ကန်စစ်တပ်က မရပ်ချင်ဘူး၊ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ဆက်ရှိချင်တယ်။ စစ်အေးက အဲဒီအချိန် ဘယ်ဘက်က နိုင်မယ်ဆိုတာ ဘယ်သူမှ မသိသေးဘူး။ ဆိုဗီယက် ယူနီယံက ၁၉၉၁ ကျမှ ပြိုကွဲတာ။ ရှစ်လေးလုံးအချိန် ဦးနုအစိုးရကို ပြည်တွင်းမှာဝိုင်း မထောက်ခံခဲ့ကြလို့၊ သူ အစိုးရ ဖွဲ့တာကို နိုင်ငံတကာရဲ့ ထောက်ခံမှု မရခဲ့တာ ဖြစ်တယ်၊ ဦးနုအစိုးရကို နိုင်ငံတကာက ထောက် ခံပြီး အသိအမှတ်ပြုခဲ့ကြရင်၊ အဲဒီမှာ ပွဲပြီးသွားပြီလို့ ပြောနေကြသူတွေ၊ တော်ကြပါတော့လို့ပဲ ပြော ပါရစေတော့။ မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို မူကြိုကနေ ကျောင်းပြန် တက်ကြပါဦး။

Group Mail မှ ရရှိပါသည်။

0 comments:

အပေါ်သို့