Monday, May 2, 2011

ဖြူးတိုးဂိတ် ယာဉ်ဖြတ်သန်းခ သတ်မှတ်နှုန်းထက် ပိုကောက်နေ

သင်းအောင်
02 May 2011

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (ဖြူးမှ ရန်ကုန် အမှတ် ၃ လမ်းဆုံ) ၏ လမ်းပိုင်း၊ ၁၀ တန်အောက် ခရီးသည်တင်ယာဉ် ဖြတ်သန်းခကို ဖြူးတမံကွေ့ ၁၁၅ မိုင် တိုးဂိတ်က ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း သတ်မှတ်နှုန်းထက် ၅၀၀၀ ကျပ် ပို၍ ကောက်ခံလျက်ရှိသည်ဟု သိရသည်။

နေပြည်တော်မှ ရန်ကုန် အမှတ် ၃ လမ်းဆုံ လမ်းပိုင်း အသုံးပြုခအဖြစ် ပြေစာရိုက် နှိပ်ကာ ၁၂၅၀၀ ကျပ်လက်ရှိ တောင်းခံနေ သည့်အပေါ် ယာဉ်လိုင်းများက မကျေမနပ် ဖြစ်နေကြသည်။

“ရန်ကုန်မှ ဖြူး ယာဉ်ဖြတ်သန်းခနှုန်း ၇၅၀၀ ကျပ်ကို အမှတ် ၃ လမ်းဆုံ ထောက်ကြံ့ တိုးဂိတ်က သတ်မှတ်နှုန်းအတိုင်း ကောက် ခံ ပါတယ်။ ဖြူးကနေ ရန်ကုန် လမ်းပိုင်း ကိုလည်း ဒီနှုန်းအတိုင်းပဲ ကောက်ခံရမယ်လို့ သတ်မှတ် ထားပါတယ်။ ဒါကို နေပြည်တော် - ရန်ကုန် လမ်းပိုင်း အသုံးပြုခနှုန်း ၁၂၅၀၀ ကျပ် ကောက် ခံတာတော့ မသင့်ပါဘူး” ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင် တဦးက ပြောသည်။

ဖြူးမှ ရန်ကုန် လမ်းပိုင်းကို နေပြည်တော်မှ ရန်ကုန် (အမှတ် ၃ လမ်းဆုံ) ခရီးစဉ် နှုန်းအတိုင်း ကောက်ခံနေသည့်အပေါ် ဖြူးတိုးဂိတ် တာဝန်ကျ ၀န်ထမ်းများအား ယာဉ်မောင်းများက သွားရောက် မေးမြန်းရာ တာဝန်ခံများ ကောက်ခံခိုင်းသည့် နှုန်းထား ဖြစ်သည့်အတွက် မည်သည့်နေရာမဆို တိုင်ကြားနိုင်သည်ဟု မချေမငံ ပြောဆို ဆက်ဆံ ခံရသည်ဟု ၎င်းကဆိုသည်။

အဆိုပါ လမ်းပိုင်း ဖြတ်သန်းခ သတ်မှတ်နှုန်းထက် ပိုမို တောင်းခံနေခြင်း၊ ဖြူးတိုးဂိတ် တာဝန်ကျ ၀န်ထမ်းများ ဆက်ဆံရေး မပြေပြစ်ခြင်းတို့ကို သက်ဆိုင်ရာသို့ တိုင်ကြားလို သော်လည်း ယာဉ်မောင်းများ အနေဖြင့် အဆက် အသွယ်နည်းခြင်း၊ မလိုလားအပ်သော ပြဿနာများ ရှိလာ နိုင်ခြင်းတို့ကြောင့် လက်လျှော့ထားရသည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်မှ ဖြူးလမ်းပိုင်း ဖြတ်သန်းခ ပြေစာပြ၍ အသွား - အပြန် ခရီးစဉ်တူအတွက် နှုန်းတူ ကောက်ခံပါရန် ယာဉ်လိုင်းများက ပြောရာတွင်လည်း ဖြူး တိုးဂိတ်မှ လုံးဝ လက်မခံကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။

ခရီးသည်တင် ယာဉ်ပိုင်ရှင်များသည် အဆိုပါ ဖြစ်စဉ်ကို နေပြည်တော် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ရုံးချုပ်သို့ လိပ်မူ၍ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့် လည်းကောင်း တိုင်ကြား ပါသော်လည်း ထူးခြားမှု တစုံ တရာ ရှိမလာကြောင်း ၎င်းတို့အဆိုအရ သိရသည်။

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးကို အသုံးပြုနေသည့် မော်တော်ယာဉ်များအတွက် ပြည်သူ့ ဆောက်လုပ်ရေးက သတ်မှတ်ထားသည့် ယာဉ်ဖြတ်သန်းခနှုန်းများမှာ ၁၀ တန်အောက် ယာဉ်များအားလုံးဆိုလျှင် အမှတ် ၃ လမ်းဆုံမှ ဖြူးသို့ ၇၅၀၀ ကျပ်၊ အမှတ် ၃ လမ်းဆုံမှ နေပြည်တော်သို့ ၁၂၅၀၀ ကျပ်၊ အမှတ် ၃ လမ်းဆုံမှ မိတ္ထီလာ (သီးကုန်း) သို့ ၁၇၅၀၀ ကျပ်နှင့် အမှတ် ၃ လမ်းဆုံမှ မန္တလေး (စကားအင်း) သို့ ၂၂၅၀၀ ကျပ် ဖြစ်သည်။

၂၀၁၁ ဇန်န၀ါရီ ၆ ရက်မှ စ၍ ထိုနှုန်းအတိုင်း ကောက်ခံရန် ပြည်သူ့ဆောက်လုပ်ရေးက ညွှန်ကြားထားခြင်းအပေါ် ရန်ကုန်မြို့ အမှတ် ၃ လမ်းဆုံ ဂိတ်က လိုက်နာသော်လည်း ဖြူးဂိတ်က လိုက်နာမှု မရှိကြောင်း ယာဉ်ပိုင်ရှင်တို့အဆိုအရ သိရသည်။

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး၏ ဖြူး - ရန်ကုန် လမ်းပိုင်းတွင် ရွှေမန်းသူ၊ ရွှေစင်စကြာ၊ မန္တလာမင်း၊ မန္တလာမေ၊ ဂန္ထ၀င် စသည့် ယာဉ်လိုင်းများ အပြင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ယာဉ်များလည်း ပြေးဆွဲလျက်ရှိသည်။

ပြည်တွင်း ကုန်စည်သယ်ယူပို့ဆောင်ရေး၏ ကန့်သတ်ချက်များအပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှု တခုခုကို စတင် ထုတ်လုပ်ချိန်က စပြီး သုံးစွဲသူ (End User) ထံ ရောက်သည်အထိ အဆင့်ဆင့်သော ကုန်ကျ စရိတ်များ ရှိမည် ဖြစ်သော်လည်း အစိုးရကြောင့် မလိုလားအပ်သော စရိတ်ပိုများ မရှိရအောင် တားဆီးပေးရမှာ ဖြစ်ပါတယ်။ Transition Cost တွေ မလိုအပ်ဘဲ စရိတ်ပိုလာတာနဲ့အမျှ အဲဒီ အပိုစရိတ်တွေကို စားသုံးသူ End User ကသာ ကျခံရမှာ ဖြစ်တဲ့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဖြစ်စေမှာ ဖြစ်တယ်” ဟု ၂၀၁၁ ဧပြီ ၆ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားသည်။

Ref;Irrawaddy

0 comments:

အပေါ်သို့