Tuesday, May 3, 2011

သတင်းလွတ်လပ်ခွင့်နဲ့ ဝေးသေးတဲ့ မြန်မာ

ဖနိဒါ
မေလ ၀၂ ရက် ၂၀၁၁ ခုနှစ်

ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ရေးနေ့ World Press Freedom Day ကို အနှစ် ၂၀ တိုင်တိုင် ဆင်နွှဲလာပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ သတင်းစာ လွတ်လပ်ခွင့်တွေ မရှိသေးသလို စာပေ စိစစ်ရေးရဲ့ ထိန်းချုပ်မှု ရှိနေသရွေ့ သတင်းစာလွတ်လပ်ခွင့်လည်း ရှိမှာမဟုတ်ဘူးလို့ သတင်း သမားတွေက ပြောဆိုကြပါတယ်။

ဒါပေမဲ့ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ပြည်တွင်းသတင်း မီဒီယာတွေ ကန့်သတ်ထားချက်အချို့ ကို မကြာခင်က ရုပ်သိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ်သတင်းစာ ထုတ်ဝေ ခွင့်တွေကို ထိန်းချုပ်ထားပြီး ပုဂ္ဂလိက ဂျာနယ်တွေကို ထုတ်ဝေခွင့် ပေးထား ပေမယ့် မဖြန့်ချိမီ စစ်ဗိုလ်တွေ ဦးစီးတဲ့ ဆင်ဆာအဖွဲ့ ကို ကြိုတင်ရပါတယ်။ အခု နောက်ပိုင်းမှာ သတင်းတွေကို ဖြတ်တောက် မှုတွေ နည်းနည်းလျော့လာ တယ် လို့ ပုဂ္ဂလိက ဂျာနယ် မှာလုပ်နေ တဲ့ဝါရင့် အယ်ဒီတာ တဦးက ပြောပါတယ်။

ယခင် စာပေစိစစ်ရေးက ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ၊ ယိုယွင်းမှုတွေ၊ တောင်သူလယ်သမားတွေရဲ့ ဒုက္ခအခက်အခဲတွေကို အနည်းအကျဉ်းသာ ဖော်ပြခွင့်ပေးခဲ့ပြီး လက်ရှိမှာတော့ ယင်းကိစ္စ တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြ ခွင့်တွေ ပေးလာတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် ခေါင်းစဉ်တွေကအစ နည်းနည်း ပြင်းပြင်းရေးရင်လည်း ပေးထားတာတွေ့ရတယ်။ အယ်ဒီတာတွေကို ခေါ်ပြော လက်မှတ်ထိုးခိုင်းတာ၊ သတိပေးတာတွေ မလုပ်တာလည်း တော် တော်ကြာခဲ့ပြီဆိုတော့ လုပ်ရကိုင်ရတာ အများကြီး သက်တောင့်သက်သာ ရှိလာတယ်။ တကယ့်ကို သိသာတဲ့ အချက်ပါ”

အရင်တုန်းက သတင်းထောက်တဦး အပြင်ထွက် သတင်းဓာတ်ပုံ ရိုက်တဲ့အခါမှာလည်း နေရာတိုင်း ရိုက်လို့မရဘဲ ခေါ်ယူစစ်ဆေးခံရတာတဲ့ အခြေအနေတွေ ကြုံတွေ့ရသူတွေလဲ မနည်းတော့ပါဘူး။ ဒါပေမဲ့ အခုတော့ ဓာတ်ပုံရိုက်ခွင့်တွေ၊ သတင်းမေးမြန်းတာတွေကိုပါ ခွင့်ပြုလာတယ်လို့ အဲဒီ အယ်ဒီတာကပဲ ပြန်ပြောပြပါတယ်။

ဒါပေမဲ့ အမှန်တကယ် သတင်းလွတ်လပ်ခွင့်ကတော့ မှန်းလို့တောင် မရသေးဘူး ဆိုပါတယ်။

“သတင်းလွတ်လပ်ခွင့် လုံးဝ မရှိသေးဘူး။ ဒီတလ သက်တမ်းအတွင်းမှာလည်း ဝန်ကြီးဌာနတွေမှာ သတင်းရယူမှုက အရင်ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ ထင်သာမြင်သာ ပြောင်းလဲလာတာ မရှိဘူး။ ဖြည်းဖြည်းချင်း ပြောင်းသွားမလား မသိဘူး” သတင်းဂျာနယ် ဝါရင့်အယ်ဒီတာ တဦးက မဇ္စျိမကို ပြောတာပါ။

၁၉၉၁ ခုနှစ် မေလ ၃ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ ၂၆ ဖွဲ့ရဲ့ အထွေထွေ ညီလာခံမှာ သတင်းစာပညာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို ပြည်သူလူထုကို ပေးဖို့နဲ့ သတင်းဖော်ပြခွင့် အရေးကြီးပုံတွေ အစိုးရကို သတိပေးတဲ့အနေနဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ သတင်းလွတ်လပ်ခွင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာ စစ်တပ်အာဏာစသိမ်း ခဲ့တဲ့ ၁၉၆၂ ထဲကပါ။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအာဏာသိမ်းအပြီး သြဂုတ်လမှာ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ Printers and Publishers Registration Law ကို ပြဋ္ဌာန်းခဲ့ရာ အဲဒီဥပဒေ အပါအဝင် ကိုလိုနီခေတ်၊ အိမ်စောင့်အစိုးရခေတ် စာပေတည်းဖြတ်မှု ဥပဒေတွေဟာ ကနေ့ထိ အသက်ဝင်နေဆဲပါပဲ။

အမေရိကန်အခြေစိုက်တဲ့ နိုင်ငံတကာ လွတ်လပ်မှုဆိုင်ရာ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင် တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မနှစ် နှစ်ကုန်ပိုင်းအထိ သတင်းသမား ၁၇ ဦး ဖမ်းဆီးထောင်ချ ခံထားရတယ်လို့ အဖွဲ့က ထုတ်ပြန်ခဲ့တယ်။ သူတို့တွေဟာ အများအားဖြင့် အီလက်ထရောနစ် အက်ဥပဒေ၊ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ၊ အရေးပေါ် စီမံမှု အက်ဥပဒေ၊ နိုင်ငံတော် ကာကွယ်ရေး ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံရတာပါ။

မြန်မာပြည်တွင်းက သတင်းသမားတွေဟာ မရေရာတဲ့ အခြေအနေတွေအောက်မှာ မီးစင်ကြည့်က လုပ်နေရတဲ့ အခြေအနေတွေလည်းရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာခါစ ပြည်တွင်း ဂျာနယ်တွေမှာ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်း သူရဲ့ လှုပ်ရှားမှုတွေကို ထည့်ခွင့်မရတော့ဘဲ ထိန်းချုပ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီတပတ်ထဲမှာပဲ လူမှုရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ကျော်သူရဲ့ လူမှုအသင်း ၁၀ နှစ်ပြည့်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ဓာတ်ပုံတွေကို ဂျာနယ်အချို့မှာ ဖော်ပြခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ အသင်းခေါင်းဆောင် ဦးကျော်သူရဲ့ အမည်ကို ဂျာနယ်တွေမှာ ဖော်ပြခွင့်မရသေးပါဘူး။

မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ ဝက်နားရွက်ပြာရောဂါ ပျံ့နှံ့နေမှု တိ၊ မွေး၊ ကုသ ရေးဆိုင်ရာ အကြီးအကဲတွေ အသိပညာပေးတဲ့ သတင်းမျိုးကိုမူ ထောက်ခံချက်ယူဖို့ မလိုပေမယ့် နယ်စပ်ကုန်သွယ်ရေး သွင်းကုန်၊ ပို့ကုန်နဲ့ ပတ်သက်တဲ့ သတင်းမျိုးဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဆီကနေ ထောက်ခံချက် ယူရတယ်လို့ သိရပါတယ်။

“ခေါ်ယူခြိမ်းခြောက်တာတွေတော့ မရှိဘူး။ အယ်ဒီတာအဖွဲ့က ကတိဝန်ခံချက် ထိုးရတယ်။ အဲဒါတွေလည်း အရင်ထက်စာရင် နည်းသွားတယ်။ ဒါကလည်း ကိုယ့်ဘက်က ဂရုစိုက် လုပ်လာကြလို့ဘဲ။ သတိထားလုပ်လာကြလို့ပါ” အယ်ဒီတာ တဦးက ပြောတာပါ။

ဒါ့အပြင် သတင်းထောက်တွေဟာ အစိုးရဌာနဆိုင်ရာ အရာရှိတွေနဲ့ အင်တာဗျူးလုပ်တိုင်း သူတို့ ထောက်ခံချက်တွေ တောင်းခံရာမှာလည်း တချို့ဝန်ကြီးတွေဆိုရင် သူပြောဆိုတာကို ထောက်ခံ ချက် ပြန်ပေးရမယ်ဆိုပြီး စိတ်ဆိုးပြီး သတင်းရင်းမြစ် ပျောက်ဆုံးတဲ့အထိ ကြုံတွေ့နေရတာပါ။

“လူကြီးတွေကို သတင်းသွားမေးရင် ရေးပြီးလို့ တင်တော့မယ်ဆိုရင် သူတို့ကို အရင်သွားပြရတယ်။ သူတို့ ဗျူးတုန်းကတော့ တမျိုးပြောတယ်။ လွတ်လွတ်လပ်လပ် ပြောချလိုက်တယ်။ ပြန်ရေးပြီး ပြန်သွားပြတော့ ငါ ဒီလို မပြောပါဘူးဆိုပြီး ပြန်ပြင်တယ်။ ဒီလိုမရေးရဘူး။ ဒီလိုရေးဆိုတာတွေပေါ့” ဟု ပြည်တွင်းက သတင်းထောက် တဦးက သူကြုံတွေ့ရမှုကို ပြန်ပြောပြပါတယ်။

စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်မရဘဲ ဖော်ပြလိုက်တဲ့ သတင်းတွေ ပါလာရင် သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့တွေကို ခေါ်ယူခြိမ်းခြောက်၊ ကတိဝန်ခံလက်မှတ်တွေ ထိုးရတဲ့အပြင် ဂျာနယ် ထုတ်ဝေမှုကို ၂ ပတ်မှ ၁ လထိ ရပ်ဆိုင်း ပြစ်ဒဏ်ပေးတာပါ။

၂၀၀၇ လောင်စာဆီဈေး မြင့်တက်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီး သတင်းတွေကို နိုင်ငံတကာမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ပေမယ့် စာပေစိစစ်ရေးက ပြည်တွင်းမှာ လုံးဝ ဖော်ပြခွင့် မပေးခဲ့ဘဲ အစိုးရ သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကိုပဲ သုံးခွင့်ရခဲ့တယ်လို့ အယ်ဒီတာ တဦးက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲပြီး ကာလတွေမှာလည်း သတင်းလွတ်လွတ်လပ်လပ် ရေးသားခွင့်တွေ မရခဲ့ကြပါဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့ ၃ လလောက်ကထဲက ထောက်ခံချက်တွေ တောင်းဖို့ မလိုတော့ဘဲ ခိုင်လုံတဲ့ သတင်းရင်းမြစ်ဖြစ်ရင် သတင်းဖော်ပြခွင့်တွေ ရလာတယ်လို့ သတင်းထောက်က သတိထား မိလာတယ်တဲ့။

မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ပုံနှိပ်ထုတ်ဝေမှု မူဝါဒကို လက်ရှိ အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ အဆင့်လိုက် လျှော့ပေးသွားရန် ရှိတယ်လို့ စာပေစိစစ်ရေးဌာန တာဝန်ခံ ဦးတင့်ဆွေက ပြည်တွင်းမှ ဖလားဝါးနယူးစ်ကို ပြောဆိုခဲ့တယ်။

အားကစား၊ အနုပညာ၊ သုတရသ၊ ကျန်းမာရေး စတဲ့ ဂျာနယ်တွေ အပါအဝင် မဂ္ဂဇင်းအချို့ကို စာပေစိစစ်ရေးကို ကြိုတင် မစစ်ဆေးဘဲ ထုတ်ဝေခွင့် ရတော့မယ်ဆိုပေမယ့် အခုထက်ထိတော့ စာပေစိစစ်ရေးကို ပုံမှန် တင်နေရဆဲပါ။

အခု ချက်ချင်းကြီး အပြောင်းအလဲ မဟုတ်ခဲ့ရင်တောင် စိစစ်ရေးမူဝါဒတွေကို လျှော့ပေါ့ ပေးတာမျိုးတွေ၊ ထောက်ခံချက်တွေ မလိုဘဲ ဖော်ပြခွင့်တွေ ရချင်တယ်လို့ အယ်ဒီတာ တဦးက ဆိုပါတယ်။

“စိစစ်ရေးတင်စရာ မလိုတော့ဘူးဆိုတာထက် အခုရှိနေတဲ့ မူဝါဒလေးတွေကို တချက်ချင်း ဖြည်ပေးသွားရင်တော့ ပိုကောင်းသွားမှာပေါ့။ အဲဒီကနေမှတဆင့် စိစစ်ရေးတင်စရာ မလိုတော့တဲ့အဆင့်ထိ သွားလိုက်ရင် ပိုကောင်းမယ်” လို့ ပြောပါတယ်။

ယခုနှစ်ဆန်းပိုင်းကစပြီး ပြည်သူတွေ သိသင့်တဲ့ အကြောင်းအရာ တချို့ကို ဖော်ပြမှုတွေ လျှော့ပေးလာပြီး ဒီ ဧပြီလထဲမှာ သိသိသာသာ ဖော်ပြခွင့် ရလာတယ်လို့ တခြားအယ်ဒီတာတဦးက မဇ္စျိမကို ပြောပြတာပါ။

“ဒီမှာလုပ်ကိုင်တဲ့သူတွေနဲ့ အပြင်မှာ လုပ်ကိုင်တဲ့သူတွေရဲ့ တိုင်းတာမှု ပုံသဏ္ဌာန်ကလည်း တူမယ်လို့ မထင်ဘူး။ ဒါပေမဲ့ အခုလောလောဆယ် ရသလောက် အနေအထားကို မဆိုးဘူးလို့ ပြောလို့ရမယ်။ ကျမတို့မှာလည်း အကန့်အသတ်တော့ ရှိနေတုန်းပဲ။ စာပေစိစစ်ရေးရှိနေတုန်းပဲဆိုတော့ လုံးဝ ပွင့်လင်းလွတ်လပ်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတိုင်းအတာ တခုထိတော့ တိုးတက် လာတယ်လို့ ပြောလို့ ရပါတယ်”

ပြည်တွင်းမှ ဂျာနယ်တွေကို စိစစ်ရေးက နည်းနည်းလျှော့ပေးလိုက်တဲ့အတွက် ပြည်ပ သတင်းဌာနတွေမှာ သတင်းရယူမှုတွေ ထိခိုက်သွားမယ်လို့ မထင်ကြောင်းနဲ့ တခါတလေ ပြည်တွင်း ဂျာနယ်တိုက်တွေက စာပေစိစစ်ရေးကို တင်ရတဲ့အတွက် သတင်းနောက်ကျခဲ့တဲ့ သတင်းပေါင်း မနည်းတော့ဘူးလို့ အယ်ဒီတာတဦးက ပြောပါတယ်။

“ပြည်ပမှာထွက်တဲ့ သတင်းတွေ အရင်ဦးသွားတဲ့ သတင်းတွေ အများကြီးပဲ။ ပြည်တွင်းက လူတွေက သိလျက်သားနဲ့ စာပေစိစစ်ရေးကို တင်ရတဲ့အတွက် နောက်ကျသွားတာမျိုးတွေ အများကြီး ရှိတယ်။ အစိုးရသစ် ယန္တရမှာ ပြောင်းလဲမှုပြချင်လို့ ဒီလို လုပ်တယ်လို့ ယူဆတယ်” လို့ သူရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။

ဂျာနယ်တိုက်တွေက စာမူကြမ်းတွေကို ပီဒီအက်ဖ်ဖိုင်ပြောင်း၊ စီဒီနဲ့အတူ မူကြမ်းကို အောက်ခြေဝန်ထမ်းတွေ စစ်ဆေးဖို့ ၃ ခု ၄ ခုမိတ္တူ ကူးပြီး စာပေစိစစ်ရေးကို ကြိုတင်စစ်ဆေးဖို့ တင်ရတာပါ။ အဲဒီနောက် ၃ ရက်လောက် စောင့်ရပြီးနောက် ဂျာနယ်ထုတ်ဝေ ဖြန့်ချိရတယ်လို့ အယ်ဒီတာ တဦးက ရှင်းပြတာပါ။

“ခွင့်ပြုတာ၊ ခွင့်မပြုတာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကွန်ပျူတာထဲမှာပဲ လုပ်တယ်။ စာပေစိစစ်ရေး စာရေးမကနေ စာမျက်နှာ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဖြုတ်ပါ၊ ဒါမှမဟုတ် ရင်းမြစ်ကို ဖော်ပြပါဆိုတဲ့ ဟာတွေကို အဲဒီအမျိုးသမီး ဖတ်ပြတာကို စာပေစိစစ်ရေးကို သွားတဲ့လူက ရေးမှတ်ရတယ်။ ဒီပုံဖြုတ်ဆိုတာတွေ မှတ်ရတယ်။ ပြင်တာတွေ ပြင်ပြီးတော့ မျက်နှာဖုံးကို တခါ ပြန်တင်ရတယ်။ အထဲကဟာတွေကို တင်စရာမလိုတော့ဘူး။ နောက်ဆုံး ၃ ရက်ကြာ စောင့်ရတယ်”

သတင်းထောက် တွေဟာ ပြည်ပသတင်းဌာနတွေအတွက် သတင်းလိုက်ပေးတဲ့အတွက် ဖမ်းဆီး ခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် တချို့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှု ရှိတဲ့အတွက် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။

နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗီဘီ သတင်းထောက် မလှလှဝင်း ၂၇ နှစ်၊ ကိုငွေစိုးလင်းကို ထောင်ဒဏ် ၁၃ နှစ်တို့ကို အီလက်ထရောနစ် အက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေ၊ အရေးပေါ် ပြဋ္ဌာန်းချက်တွေနဲ့ ထောင်ဒဏ်တွေ ချထားတာပါ။

အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်လို့ ထည့်ပြောခဲ့ပေမယ့် သတင်းလွတ်လပ်ခွင့်ကို မပေးဘဲ ကန့်သတ်မှုတွေ ဆက်လက် ရှိနေတာပါ။

စာပေကင်ပေတိုင်လို့ နာမည်ကျော်ကြားတဲ့ စာပေစိစစ်ရေး ရှိနေသရွေ့ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်မှု မရှိသေးဘူးလို့ သတင်းသမားတွေနဲ့ စာနယ်ဇင်းသမားတွေက ပြောဆိုတာပါ။

“နိုင်ငံရေးဆိုတာကို ဖယ်ထား၊ ကျမတို့က နိုင်ငံတော် အစိုးရကို လူကြီးတွေကို ဝေဖန်ရေး သားတာမျိုးအဆင့်ထိ မမျှော်လင့်ဘူး။ ကျန်းမာရေး၊ ပညာရေး၊ အဖက်ဖက်က ယိုင်နေတဲ့ ပြည်သူတွေ နဲ့ ပိုနီးစပ်တဲ့ အကြောင်းအရာမျိုး ရေးလာနိုင်ရင်တော့ ကောင်းတယ်” လို့ ပြောကြပါတယ်။

“သတင်းစာ လွတ်လပ်ခွင့်ဆိုတဲ့ စကားကတော့ ဆင်ဆာ လုံးဝ မရှိတော့ဘူးဆိုတဲ့ အခါကျမှ ပြောလို့ရမယ့် စကားလို့ ထင်တယ်။ ဆင်ဆာ လုံးဝ မတင်ရဘူးဆိုရင်တော့ လွတ်လပ်ခွင့် ရလာ တယ်လို့ ပြောလို့ ရမှာပါ။ အခုဟာက စာပေစိစစ်အောက်မှာ လုပ်ရကိုင်ရတာ သက်တောင့်သက်သာ ရှိလာတယ်။ လွယ်လွယ်ကူကူ ဖြစ်လာတယ်၊ ချောချောမွေ့မွေ့ ဖြစ်လာတယ်။ အခက်အခဲ နည်းလာတယ်ပေါ့နော်”

တချို့အကြောင်းအရာတွေကို ဖော်ပြခွင့်ရလာတဲ့ ပြောင်းလဲမှုတချို့ တွေ့လာရပေမယ့် သက်တမ်း တလသာရှိသေးတဲ့ အစိုးရကို ရုတ်တရက် ကောက်ချက်ချဖို့ စောသေးပြီး စောင့်ကြည့်ရအုံးမယ့် အခြေအနေပါပဲလို့ အယ်ဒီတာတွေက သတိထား ပြောဆိုလိုက်ကြောင်းပါ။

Ref;Mizzima

0 comments:

အပေါ်သို့