Wednesday, May 4, 2011

အစိုးရသစ် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးဖွယ်ရှိ

လင်းသန့်
03 May 2011

သမ္မတဦးသိန်းစိန်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အာဆီယံထိပ်သီး အစည်းအဝေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်။

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့၌ မေလ ၇ ရက်နေ့တွင်ကျင်းပမည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး သို့ သမ္မတဦးသိန်းစိန် တက်ရောက်စဉ်ကာလ အတွင်း အကျဉ်းသားလွတ်ငြိမ်းသက်သာ ခွင့် အမိန့်တခု ထွက်ပေါ်လိမ့် မည်ဖြစ်ပြီး အကျဉ်းသားတချို့ကို လွှတ်ပေးရန် ရှိသည် ဟု မြန်မာအစိုးရအရာရှိတဦးကို ကိုးကား ၍ ယမန်နေ့က AFP သတင်းတရပ်တွင် ဖော်ပြခဲ့ သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေး နိုင်သည်ဟု အတိအလင်းပြဌာန်းထားသည်။ လွတ်ငြိမ်းချမ်းသာခွင့်သည့် ခွင်းလုံးကျွတ် လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး လွတ်ငြိမ်းသက်သာခွင့်မှာ ပြစ်ဒဏ်ကို လျှော့ပေါ့၍ လွှတ် ပေးခြင်းဖြစ်သည်။

“ကျမတို့အနေနဲ့တော့ သိပ်မျှော်လင့်မထားဘူး။ လွတ်လာမှပဲ လွတ်လာတယ်လို့ ပြောလို့ရမယ်”ဟု ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် ပေးသောလွတ်ငြိမ်းချမ်းသာခွင့်မျိုးသာ ဖြစ်နိုင်ကြောင်း၊ လွှတ် ပေးသောအကျဉ်းသား အရေအတွက်များစေရန်လွတ်ရက်စေ့နေပြီဖြစ်သော အကျဉ်းသားများ နှင့် လွတ်ရက်နီးသူများကိုသာ အများဆုံးလွှတ်ပေး တတ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ ယင်းသို့ လွှတ်ပေးရာတွင် အကျဉ်းသားပေါင်း ထောင်ချီရှိသော် လည်း နိုင်ငံရေး အကျဉ်းသားပါဝင်မှု မှာ ၁ ရာခိုင်နှုန်းပင်မရှိကြောင်းလည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း (AAPP)၏ လေ့လာချက်အရ သိရသည်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က“အခု နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးလှုပ်ရှားမှုတွေက အရှိန်ရလာပြီး ဖိအား တခုလည်းဖြစ်လာတယ်။ သူတို့က လွတ်ရက်စေ့ပြီးသူတွေကို လွှတ်ပေးတတ် တာများတယ်။ နိုင်ငံရေးအကျဉ်းသားတွေအများကြီးပါလာမယ်လို့တော့ မထင်ဘူး၊ ဖိအားတွေကို ရှောင်လွှဲ တဲ့အနေနဲ့ပဲ ဖြစ်လာကောင်းဖြစ်လာနိုင်တယ်။ သူတို့ အာဏာ ထိပါးနိုင်တဲ့သူကတော့ မဖြစ် နိုင်ဘူး”ဟု ပြောသည်။

အကျဉ်းသားလွှတ်ပေးခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးဓားစာခံများသဖွယ် ဖမ်းဆီး ထိန်းသိမ်းလေ့ရှိပြီး နိုင်ငံ တကာဆက်ဆံရေးမျက်နှာစာတွင် ဖိအားပေးမှုများကိုရှောင်လွှဲလေ့ ရှိတတ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောကြားကြသည်။

“မြန်မာနိုင်ငံရေးမှာ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့တလျှောက်လုံး ပြည်တွင်းပြည်ပက တောင်းဆို တိုက်တွန်းလာခဲ့ တာ။ လွှတ်ပေးရင်တော့ ဒါဟာ ပြုပြင်ပြောင်းလဲမှုရဲ့ ထင်ရှားတဲ့ ခြေလှမ်းဖြစ်တယ်။ နိုင်ငံရေး ဓားစာခံတွေလိုဖြစ်မနေ သင့် တော့ဘူး”ဟု ဦးဝင်းတင် က ဆိုသည်။

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အပါအ၀င် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် လွှတ်တော်တွင် တက် ရောက်ခဲ့ကြသော အတိုက်အခံနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သော်လည်း လွှတ်တော် လုပ်ထုံးလုပ်နည်းနှင့်မညီဟုဆိုကာ ဆွေးနွေးခွင့်မရခဲ့ပေ။

မြန်မာအစိုးရသစ်အနေဖြင့် အရပ်သားအသွင် အုပ်ချုပ်ရေးပုံသဏ္ဍန်ပြောင်းလဲခဲ့ပြီးနောက် အာဆီယံ အသင်းကြီး၏ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဌ ရာထူးအတွက် တောင်းဆိုထားသည်။ သို့သော် လည်း အမေရိကန်အနေဖြင့် အဆိုပါ ရာထူးနှင့် ပတ်သက်ပြီး ကန့်ကွက်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားလွှတ်ပေးခြင်း အပါအ၀င် သိသာထင်ရှားသည့် အပြောင်းအလဲများ မြန်မာ အစိုးရသစ်အနေဖြင့် အကောင်အထည်ဖော်ဆောင်မည်၊ မဖော်ဆောင်မည်ကို စောင့်ကြည့်ရ မည်ဟုလည်း အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံ တကာ မှ ထုတ်ဖော်ပြောဆိုခဲ့သည်။

Ref;< a href="http://www.irrawaddymedia.com/bur/index.php/news/6304-2011-05-03-08-50-01">Irrawaddy

0 comments:

အပေါ်သို့