May 2, 2011
ဖြစ်ရပ် (၁)
စာသင်ခန်း တခုမှာပါ။
ဖြန်းခနဲ အသံနဲ့အတူ သူမ လက်ဝါးတခုလုံး ပူထူသွားပါတယ်။ နာကျင်မှုကြောင့် လက်ကို ရုတ် လိုက်ချင်ပေမယ့်လဲ မရုတ်ရဲ။ ကိုယ့်အပြစ်ကိုယ် သိနေတာကြောင့် ကြိမ်ချက်များကို အံကြိတ် ခံနေ လိုက်ရပါတယ်။
ဆရာမ ကျက်ခိုင်းလိုက်တဲ့ စာကို သူမသေချာ မကျက်ထားမိပါ။ တခေါက်၊ နှစ်ခေါက်သာ ဖတ်ထားခဲ့ပါတယ်။ အချက် အလက်တချို့ကို မှတ်မိနေပေမယ့် စိတ်ထဲမှာတော့ ၀ိုးတ၀ါးပါပဲ။ ဒါပေမယ့် စာမရတဲ့လူတွေ မတ်တပ်ရပ်ဆိုတော့လဲ သူမ မရပ်မိ။ ရပ်လိုက်မိရင်တော့ မတ်တပ်ရပ်ရ ရုံလောက်နဲ့ပဲ ပြီးသွားခဲ့မှာပါ။
အခုတော့ ဒီလိုမဟုတ်။ ဆရာတွေဆိုတာကလဲ တပည့်ရဲ့ မျက်နှာနဲ့ မူဟန်တွေကို မြင်ရုံနဲ့ ဖတ်တတ်သည်လားမသိ။ ခါတိုင်း မေးနေကျမဟုတ်ပဲ ကောက်ခါငင်ခါ ထမေးတော့ သူမမှာ မရေမရာ။ နောက်ဆုံးတော့ တုတ်နဲ့ လက်ဝါးတွေ့ ကုန်ကြပါတော့တယ်။
ဒီလိုနဲ့ နောက်တနေ့ နံနက် ကျောင်းအ၀င် ဂိတ်ဝမှာ ဆရာမစောင့်တာမို့ ထပ်ဆုံတော့၊ ဆရာမ စိတ်ဆိုးပြေသည်လား၊ မပြေသေးဘူးလား မသိတာကြောင့် မရဲတရဲနဲ့ပဲ နှုတ်ဆက်လိုက်မိပါတယ်။ ဆရာမက ခပ်တည်တည်ပါပဲ။ ဒီနေ့စာ ကျက်လာလားလို့ မေးပါတယ်။ ကျက်လာပါတယ်လို့ သူမကလဲ အမြန်ဖြေရပါတော့တယ်။ ဒီတော့မှ ဆရာမက သူမ ပုခုံးကို လှမ်းပုတ်လိုက်ရင်း
“ကိုယ့်ကိုကိုယ် ဘယ်တော့မှ မလိမ်နဲ့ သမီး။ ကျက်ထားတဲ့ စာတွေကို ၀ိုးတ၀ါးဖြစ်နေရင် revision ပြန်ပြီး သေချာရ အောင်လုပ်၊ အချိန်အတိုင်းအတာတခုမှာ မရနိုင်သေးဘူးဆိုရင်လဲ မရဘူးပေါ့။ ပြတ်ပြတ်သားသား ၀န်ခံရဲရမယ်။ ရ သလိုလို၊ မရသလိုလိုနဲ့ ကိုယ့်ဘာသာကိုယ် လိမ်နေတဲ့လူဟာ သူများတွေကိုလဲ လိမ်နေမိတတ်တယ်၊ အများရှေ့မှာ ဟန်ဆောင်နေမိတတ်တယ်။ အဲဒါဟာ သူတပါးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပဲ။ မနေ့ကဆိုရင်ပဲ ကြည့်။ ဆရာမက မတ်တပ်ရပ်ခိုင်းတော့ သမီး မရပ်ဘူးနော်။ တကယ်မေးတော့ ဘာမှ ရေရေရာရာ မဖြေနိုင်ဘူး။ အဲဒါ ကိုယ့်ကိုယ်ကို လိမ်တာဖြစ်သလို၊ ဆရာမကိုလဲ လိမ်တာပဲ။ ထိုင်နေသူတွေ စာရလိမ့်မယ်ဆိုတဲ့ ဆရာမရဲ့ မျှော် လင့်ချက်နဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာပဲ။ သမီးကို ဆရာမရိုက်တာ စာမရလို့ ရိုက်တာ မဟုတ်ဘူး။ ၀ိုးတ၀ါး လုပ်နေလို့ ရိုက်တာ။ ရေလယ်မှာ လှေမှောက်ရင် ကမ်းတခုခုကို ရောက်အောင် ကူးရမှာပဲ သမီး။ အဲဒီကမ်းဟာ ကိုယ် သွားဖို့ ရည်ရွယ်ထားတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ထွက်လာတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ်း တခုခု ပေါ်ရောက်သွားဖို့ကသာ အဓိကကျတယ်။ ဒီလိုအချိန်မှာ ရေထဲမှာ တ၀ဲလည်လည် လုပ်နေလို့ မရဘူး။ ဆရာမ ပြောတာကို သမီး နားလည်လား”
ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ စကားလုံးတွေပါ။
ဖြစ်ရပ် (၂)
“သမီးဘာဖြစ်နေတာလဲ။ ဖုန်းနားက ခွာတယ်ကို မရှိဘူး၊ ညသန်းခေါင်ရောက်နေပြီ။ အိပ်တော့လေ။ နက်ဖြန် စာသွား သင်ရဦးမှာ မဟုတ်လား”
“မအိပ်နိုင်သေးပါဘူး မေမေရယ်၊ စပေါ့တွေ စောင့်နေတာ”
“ဟေ”
မေမေက ပြူးတူးပြဲတဲနဲ့ သူမကို ပြန်ကြည့်ပါတယ်။
“မေမေကြည့်မယ်ဆိုလဲ ကြည့်လောက်ပါရဲ့။ ကိုယ်တိုင်စာမေးပွဲ ဖြေတုန်းကတောင် စပေါ့တွေကို စိတ်သိပ်မ၀င်စားတဲ့ သူမတယောက်၊ စာသင်မိတော့မှပဲ တပည့်တွေစာမေးပွဲဖြေခါနီးညမှာ စပေါ့ စောင့်နေရတဲ့ အဖြစ်ပေကိုး”
မေမေက သူမဘေးမှာ ၀င်ထိုင်ပါတယ်။ ပြီးတော့ ခပ်တိုးတိုးမေးတယ်။
“အဲဒီစပေါ့တွေကို သမီးယုံလား” တဲ့။
ဒီတခါ ပြူးတူးပြဲတဲ ဖြစ်သွားတာကတော့ သူမကိုယ်တိုင်ပါ။ တပည့်လေးတွေက “မမ စပေါ့ရရင် သမီးတို့ဆီ ဖုန်းဆက် နော်၊ စောင့်နေမယ်”လို့ ပြောကြလွန်းလို့၊ စပေါ့ထိုင်စောင့်ပေးနေမိတာပါ။ ဒီစပေါ့တွေကို ယုံသလားလို့ ကိုယ့်ဘာသာ ကိုယ်တောင် ပြန်မမေးမိ။
“သေချာတပ်အပ်ကြီးတော့ ပြောလို့ မရဘူး မေမေ။ အမျိုးမျိုးတော့ ထွက်နေတာပဲ။ ပါတာလဲရှိ၊ မပါတာလဲ ရှိမှာပေါ့”
“မေမေ မေးနေတာက အဲဒါတွေ ပါလာမယ်လို့ သမီး ယုံသလားလို့”
“ယုံတယ်လဲ မဟုတ်ဘူးမေမေ၊ မယုံဘူးလဲ မဟုတ်ဘူး။ ဒါပေမယ့် စာမေးပွဲဖြေခါးနီးညမှာ စပေါ့လိုက်တာတွေကတော့ ထုံးစံလို ဖြစ်နေတာမို့ သမီးလဲ လိုက်လုပ်နေတာပါ”
“ဒါဆို သမီးစိတ်ထဲမှာ မရေမရာ ဖြစ်နေတယ်ပေါ့”
“အဲလိုပဲ ပြောရမယ်ထင်တယ်”
“ကိုယ်တိုင် မရေမရာ ဖြစ်နေတဲ့ ကိစ္စတွေကို သူများတွေကို ဘာလို့ ချပြချင်ရတာလဲ သမီးရယ်”
“ကလေးတွေက စောင့်နေကြတယ် မေမေ။ သူတို့က လိုချင်နေတာကို သမီးက မပေးရင်၊ သူတို့ ဘယ်ကျေနပ်မလဲ”
“သမီးရဲ့ အလုပ်က သူတို့ကျေနပ်အောင် လိုက်လုပ်ပြဖို့လား”
“မေမေဘာကို ဆိုလိုတာလဲ”
“သမီးအလုပ်က Guide လေ။ သူတို့ စာတွေကို ကြေညက်အောင်၊ စာမေးပွဲအောင်အောင် လမ်းညွှန်ပြင်ဆင်ပေးရ တာ။ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးဖို့ မဟုတ်ဘူး။ သူတို့ လိုအပ်တာကို လမ်းညွန်ပေးရမှာ။ သမီး တတ်နိုင်သ လောက် တနှစ်ပတ်လုံး ဒါတွေ လုပ်ပေးခဲ့တယ်ဆိုတာ မေမေယုံကြည်တယ်။ ခုလို စာမေးပွဲ မဖြေခင်ညမှာ သမီးတို့ အကြားမှာ ရှိနေရမှာကလဲ ဒီလိုယုံကြည်ချက်ပဲ။ သမီးဆီမှာ ငါ့ကလေးတွေကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပေးခဲ့ပြီး ပြီဆိုတဲ့ ယုံကြည်ချက်၊ သမီးရဲ့ တပည့်လေးတွေဆီမှာလဲ ငါတို့ စာမေးပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီး သွားပြီဆိုတဲ့ ယုံကြည်ချက်။ ခုကျတော့ သမီးတို့က ဒီလိုမဟုတ်ဘူး။ တပည့်တွေကလဲ ငါတို့ ကျက်ပြီးသလောက်နဲ့ ဖြစ်ပါ့မလား၊ အသစ်ထပ်ကျက်ထားဖို့တွေများ လိုမလား၊ မကျက်ထားတာတွေ ပါလာမလားလို့ တွေဝေနေတယ်။ သမီးကိုယ်တိုင်ကလဲ အဲဒီတွေဝေမှုတွေကို ထိန်းကျောင်းပေးပြီး၊ သူတို့ယုံကြည်ချက်တွေ ရှိလာအောင် မလုပ်ပေးပဲ၊ စပေါ့လိုက်ပေးနေတယ်။ သမီးကိုယ်တိုင်တောင် ဇဝေဇ၀ါ မရေမရာဖြစ်နေတာတွေကို တပည့်တွေကို လိုက်လုပ်ခိုင်းဖို့ ပြင်ဆင်နေတယ်။ အဲဒီစပေါ့တွေ ရလာရင် သမီးတို့ ဘာလုပ်ကြမလဲ။ ငါတို့ပြင်ဆင်ထားတာတွေ ဟုတ်မဟုတ် ပြန် ကြည့်ကြမယ်၊ မပြင်ထားတာတွေ ဖြစ်နေရင် သမီးက လိုက်အဖြေရှာမယ်၊ ဖုန်းနဲ့ အဖြေတွေ၊ မှတ်စုတွေ ပေးမယ်။ ဟိုက ကလေးတွေက လိုက်ကျက်ကြမယ်။ ခု ဘယ်နှစ်နာရီ ထိုးနေပြီလဲ။ သန်းခေါင်ဖြစ်နေပြီ။ ဒါတွေကို တညလုံး မအိပ်မနေ လုပ်ကြမယ်ဆိုရင် သမီးတပည့်လေးတွေ စာမေးပွဲခန်းထဲမှာ ဘာဖြစ်သွားမယ် ထင်သလဲ။ စပေါ့တွေ တိုး တာ၊ မတိုးတာတော့ မသိဘူး။ လူတွေတော့ အိပ်ချင်မူးတူးနဲ့ တောင်ရောက်မြောက်ရောက်တွေ ဖြစ်ကုန်လိမ့်မယ်။ တနှစ်လုံး ပြင်ဆင်ထားတာတွေ ပါလာရင်တောင် သေသေချာချာ ဖြေနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီ မရေမရာ အလုပ် တွေဟာ ရှေ့ပိုင်းမှာ ပြင်ဆင်ထားခဲ့တာတွေအားလုံးကို အလဟဿ ဖြစ်သွားစေနိုင်တယ်နော် သမီး”
“မေမေ ပြောတာကို သမီး နားလည်ပါတယ်။ ဒါပေမယ့် ကလေးတွေက သမီးကို အားကိုး နေကြတယ်”
“ဒီလို ဆိုရင်တော့ သမီးကို ညံ့တယ်လို့ပဲ မေမေ သတ်မှတ်ရလိမ့်မယ်”
“ရှင်”
“သူတို့တွေက အားကိုးခံရတာကို ဂုဏ်ယူစရာလို့ သမီးထင်နေလား။ သူတို့တွေက သမီးကို အားကိုးတယ် ဆိုက တည်းက သူတို့တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် သမီးက လမ်းညွှန် မပေးခဲ့လို့ပေါ့။ ခုဆိုကြည့်- စပေါ့လိုက်ပေး ဖို့ ဂိုက်ကို အားကိုးတယ်။ ဂိုက်က အားကိုးခံရတယ်ဆိုပြီး၊ ကိုယ်တိုင်တောင် မရေမရာ မသေမချာဖြစ်နေတဲ့ အရာတွေ ကို သူတို့ကို ပြန်ချ ပေးတယ်။ ကိုယ့်ကို အားကိုးခံ ရတယ်ဆိုပြီး၊ မရေမရာကိစ္စတွေကို မသိနားမလည်သူတွေကို လိုက် လုပ်ခိုင်းတာ သိပ်အန္တရာယ်ကြီးတယ်နော်သမီး။ ကလေးတွေ ရှေ့ရေးထိခိုက် သွားလိမ့်မယ်။ သမီး အလုပ်က စာမေး ပွဲအောင်အောင် လမ်းညွှန်ပြရမယ့်အလုပ်၊ ဖြစ်လာနိုင်တဲ့ အနှောင့် အယှက်တွေကို ဖယ်ရှားပေး ရမယ့်အလုပ်၊ သူတို့ လမ်းမှားလိုက်နေရင် လမ်းမှန်ပြ ပေးရမယ့်အလုပ်။ မဖြစ်နိုင်မှန်း သိနေရက်နဲ့ သူတို့ကျေနပ်အောင် လိုက်လုပ်ပေးနေ ရမယ့် အလုပ် မဟုတ်ဘူး။ မရေမရာကိစ္စတွေကြောင့် သမီးတို့ ရှေ့မှာ ပြင်ဆင်ထားတာတွေ အားလုံးအလ ဟဿ ဖြစ် သွားမှာကို မေမေ သိပ်စိုးရိပ်တာပဲ”
ဘ၀မှာ အတွေးအခေါ်သစ်လေးတချို့ကို ၀င်သွားစေခဲ့တဲ့ ညတညပါ။
ဖြစ်ရပ် (၃)
“တနေ့က မျိုးမျိုးပြောတဲ့ လုပ်ငန်းကိစ္စကို မမကြီး စိတ်ဝင်စားတယ်။ အသေးစိတ် ပြန်ပြောပါဦး”
မမကြီးမေးလာတာမို့ လုပ်ငန်းတခုမှာ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကို အားပါးတရ ပြောပြမိပါတယ်။ အခွင့်အလမ်းတွေ၊ အလားအလာတွေကို ပြောပြနေတာကို မမကြီးက စိတ်ဝင်တစားနဲ့ နား ထောင်ပေးပါတယ်။
“ဒါပဲလား ငါ့ညီမ”
အားလုံးပြောပြီးချိန်မှာ မမကြီးက အဲလိုပြောလိုက်တော့ သူမစိတ်ထဲ တမျိုးဖြစ်သွားပါတယ်။ ဘာများ ကျန်ခဲ့ပါလိမ့် ဆိုပြီး၊ အပြေးအလွှားဆန်းစစ်နေမိတယ်။ မမကြီး ဘာကို သိချင်တာပါလိမ့် လို့လဲ တွေးမိတယ်။
“အလုပ်တခုမှာ အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့် risks တွေကိုကော ဆန်းစစ်ပြီးပြီလား”
“ဒါကတော့ မမကြီးရယ်။ အလုပ်လုပ်ရင်တော့ risks ဆိုတာ ရှိမှာပဲ။ risks ကို ကြောက်နေလို့မှ မရတာ။ အချိန်ကုန်ခံ ဆန်းစစ်ဖို့ လိုလို့လား”
“မျိုးမျိုး ပြောသလိုပါပဲ။ risks ကို ကြောက်လို့ မရဘူး။ risks ဆိုတာ အလုပ်တိုင်းမှာ ရှိမှာပဲ။ risks ဆိုတာကိုက မသေ ချာ၊ မရေရာမှု (uncertainty) က ထွက်ပေါ်လာတဲ့ အရာတွေပဲ။ ဒါပေမယ့် risks ဆိုတာမှာ ထိန်းချုပ်လို့ ရတာ ရှိ တယ်၊ ထိန်းချုပ်လို့ မရတာလဲ ရှိတယ်။ လက်ခံလို့ရမယ့် အတိုင်းအတာ ဆိုတာ ရှိသလို၊ ရှောင်ကြဉ်ရမယ့် အတိုင်းအ တာလဲ ရှိတယ်။ အခု မမကြီးတို့ စီးပွားရေး လုပ်နေတယ်။ လုပ်ပြီဆိုကတည်းက ဈေးကွက်နဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ၊ ငွေဈေးအတက်အကျနဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ ကြုံနေရတာပဲ။ ဒီအထဲမှာမှ ဘာတွေက ကိုယ့်လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်နိုင်တယ်၊ ဘာတွေက နည်းနည်းလေးပဲ ထိခိုက်နိုင်တယ်ဆိုတာ ကွဲကွဲပြား ပြား သိထားရင် ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။ လိုအပ်တဲ့ ထိန်းချုပ်မှုတွေ စီမံထားလို့ရတာပေါ့။ ခရီးထွက်တဲ့အခါ ဖြစ်ချင်ရာဖြစ် သဘောထားပြီး ထွက်တာထက်စာရင် လမ်းမှာ ကားပျက်နိုင်တယ်၊ ကားဘီးပေါက်နိုင်တယ်၊ လုယက်ခံ ရနိုင်တယ် စတဲ့ risks တွေ ရှိနိုင်မယ်လို့ ကြိုတင်တွက်ဆထားတာက မကောင်း ဘူးလား”
“ဒါပေမယ့် ဒီလို risks တွေကို ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်လာနိုင်ဘူးလား။ မျက်ကန်းတစ္ဆေမကြောက် ဆိုတာမျိုးပေါ့”
“တစ္ဆေကြောက်စရာ မလိုပေမယ့် ချော်လဲနိုင်တဲ့ အခွင့်အရေးပိုများတယ်ဆိုတာကိုတော့ ငါ့ညီမ လက်ခံ တယ်မလား”
ငြင်းလို့ မရတာကြောင့် သူမ ခေါင်းညိတ်လိုက်မိပါတယ်။
“ကဲပါ။ မမကြီးတို့က စကားပုံတွေနဲ့ စကားနိုင်လုနေကြရမယ့် အရွယ်တွေမှ မဟုတ်တာ။ စကားပုံကိစ္စအသာထား။ ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ် နိုင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီးတော့ပဲ မမကြီး ပြောချင်တယ်။ risks ကို သိတာနဲ့ ကြောက်တာက မဆိုင်ဘူး မျိုးမျိုး။ risks ကို သိလာတဲ့အခါ ဒါဟာ ဘယ်အတိုင်းအတာအထိ ထိန်းချုပ်မှု၊ ပြင်ဆင်မှု လုပ်လို့ရ မလဲဆိုတာကို သိလာနိုင်တယ်။ ဥပမာ- ကားပျက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစားထားရင်၊ မ သွားခင်ကတည်းက ကားစစ်ဆေးမှု လုပ်သွားနိုင်တယ်၊ မတော်တဆ ပျက်ခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့ အရေးပေါ် လုပ် နည်းလုပ်ဟန်တွေကို ကြိုတွေးထားနိုင်တယ်။ ကားဘီးပေါက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစား ထားရင် အပိုဘီး ဆောင်ထားတာတွေ၊ ကားဘီးလဲတတ်အောင် သင်ယူထားတာတွေ လုပ်နိုင်တယ်။ ဒါကတော့ ထိန်းချုပ်လို့ရတဲ့ controllable risks တွေပေါ့။ ဒါပေမယ့် uncontrollable risks တွေလဲ ရှိတယ်။ ဥပမာ- ဓားပြတိုက်ခံရတာမျိုးပေါ့။ ဒါမျိုးကျတော့ ဖြစ်နိုင်ချေ (probabilities) တွေ ထည့်စဉ်းစားဖို့ လိုလာပြီ။ လမ်းခရီးအခြေအနေတွေကို သုံးသပ်ဖို့ လိုလာပြီ။ အဲဒီမှာမှ high risk ရှိနေတယ်ဆိုရင်တော့ သွားမယ့် ခရီးစဉ်ရဲ့ လိုအပ်မှု၊ အသုံးဝင်မှုနဲ့ risk ကြောင့် သက် ရောက်လာမယ့် ဆိုးကျိုးတွေကို ချိန်ဆဖို့ လိုလာပြီ။ ဒီတော့မှ သွားမယ်၊ မသွားဖူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရလိမ့် မယ်။ ဒါကြောင့် မမကြီးက risks ကို ထည့်စဉ်းစားပြီးပြီလားလို့ မျိုးမျိုးကို မေးနေတာ”
ဒီတုန်းက မမကြီးစကားတွေဟာ စီးပွားရေးလုပ်ငန်းအတွက် ရည်ရွယ်ပြောခဲ့ပေမယ့်၊ တခြားနေရာ တွေမှာလဲ အသုံးဝင်တယ်ဆိုတာ သူမနောက်မှ သိခဲ့ရပါတယ်။
ဖြစ်ရပ် (၄)
“စစ်ပွဲတခုရဲ့ အကြီးကျယ်၊ အခမ်းနားဆုံး သွင်ပြင်လက္ခဏာ တရပ်က ဘာလဲ”
ဆရာ့စကားအဆုံးမှာ သူမတို့တွေ ကိုယ်စီအတွေးတွေနဲ့ လက်ထောင်မိကြတယ်။ စစ်ဗျူဟာ အခင်းအကျင်း၊ ထောက် လှမ်းရေးသတင်း၊ စိတ်ဓာတ်ခိုင်မာမှု၊ တာဝန်ကျေပြွန်မှု၊ ကျွမ်းကျင်မှု စသဖြင့် အတွေးအမြင်တွေကို ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဆရာလိုချင်တဲ့ အဖြေကိုတော့ သူမတို့အားလုံး ဘယ်သူက မဖြေနိုင်ခဲ့ကြဘူး။ ဆရာ့အဖြေက uncertainty ဆိုတဲ့ မရေရာ၊ မသေချာမှုပါပဲ။ စစ်စကားအရဆိုရင်တော့ Fog of War ပါ။ ဒီလို မရေရာမှုတွေကြောင့်၊ စစ်ပွဲတွေမှာ အနိုင်ရရေးနဲ့ ပတ်သက်ပြီး စီမံချက်မျိုးစုံကို ချမှတ်လို့ ရပါတယ်။ ဒီစီမံချက် တွေအားလုံးဟာ၊ သူ့ရှုထောင့်နဲ့ သူတော့ မှန်နေတာပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ဘယ်ရှုထောင့်နဲ့ ဘယ်စီမံချက် မှန်ကန်တယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ် လို လုပ်ငန်းတွေကို စီမံချက်တခုအနေနဲ့ ပေါင်းစပ်လုပ်ဆောင်ရင် စစ်ပွဲကို ထိထိရောက်ရောက် အောင်မြင်စေမလဲဆို တာကသာ တပ်မှူးတွေ ဆုံးဖြတ်ချက်ချရမယ့် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး စစ်ရေးစီမံချက်ဆိုင်ရာ အဆင့်ဆင့်ဖြစ်စဉ်တွေ၊ ပြဿနာတွေ၊ war gaming နဲ့ decision-theoretic planning တွေကို ဆရာက အကျယ်တ၀င့် ဆက်ရှင်းပြခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက စစ်ဆင်ရေးတွေမှာ အသုံးပြုလေ့ ရှိတဲ့ Operations Research (OR) Planning ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြပြီး၊ Markov Decision Process (MDP) မှာ အခြေခံတဲ့ စီမံချက်ရေးဆွဲမှုတွေကိုလဲ သင်ကြားပေးခဲ့ပါတယ်။ မရေရာမှုတွေဟာ double edged sword လိုပဲ အခွင့်အလမ်းတွေကိုလဲ ဖန်တီးပေးနိုင်သလို၊ အရာရာကိုလဲ ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာကို သင်ခန်းစာများစွာနဲ့ သင်ကြားပြပေးခဲ့ပါတယ်။
“Effects Based Operations (EBO) ဆိုတာ မျက်မှောက်ခေတ် စစ်ဆင်ရေးစီမံချက်တွေမှာ အသုံးဝင်လာတဲ့ ရလဒ် အခြေပြု (outcome-centric) သဘောတရားဖြစ်တယ်။ သူ့ရဲ့ အခြေခံ သဘောတရားက ဘာလုပ်ရမယ်ဆိုတာက မစပဲ၊ ပန်းတိုင်ကနေ စပြီး စဉ်းစားရတယ်။ ဥပမာ- စစ်ပွဲမှာ အနိုင်ရဖို့ ဘာတွေလိုအပ်မလဲ။ ခံစစ်စွမ်းရည်၊ တိုက်စစ် စွမ်းရည်နဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားဖို့ လိုအပ်မယ်။ တခုချင်း ပြန်ပြီး စဉ်းစားကြည့်ရအောင်။ တိုက်စစ်စွမ်းရည်ကျဖို့ ဘာတွေ လုပ်နိုင်ဖို့ လိုမလဲ။ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေနဲ့ Airfield တွေကို ဖျက်ဆီးရမယ်။ ထောက် ပို့စွမ်းရည် ကျဆင်းအောင် လုပ်ရမယ်။ ခြေလျင်တပ်တွေကို ရွေ့လျားသွားလာနိုင်မှု နှေးကွေးအောင် လုပ်ရမယ်။ ဒီ အတွက် တခုချင်းဆီမှာ သီးခြားလုပ်ဆောင်ရမယ့် စီမံချက်လေးတွေရှိတယ်။ ခံစစ်စွမ်းရည်ကျဖို့ကို ဆက်စဉ်းစား ကြည့်ရအောင်။ ရန်သူရဲ့ ဆက်သွယ်ရေး စနစ်နဲ့ ရေဒါတွေ ပျက်စီးသွားအောင် လုပ်ရမယ်။ ရန်သူ့တပ်တွေကို ချေမှုန်း ရမယ်။ တပြိုင်တည်းမှာပဲ စိတ်ဓာတ်စစ်ဆေးရေး လုပ်ဖို့ လိုအပ်တယ်။ ဘယ်လိုအခြေအနေတွေမှာ စိတ်ဓာတ်ကျဆင်း အောင် လုပ်လို့ ရနိုင်မလဲ။ ခေါင်းဆောင်မှု အားနည်းချက်နဲ့ အတွေးအခေါ်တွေ ရှုပ်ထွေးစေမှုတွေဟာ စိတ်ဓာတ်စစ် ဆင်ရေးရဲ့ အဓိက လက်နက်တွေ ဖြစ်တယ်။ ဒီအတွက် ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ commander capability လျော့သွားအောင် လုပ်ဖို့နဲ့ ၀ါဒ ဖြန့်ချိရေးယန္တရားတွေကို အသုံးပြုပြီး အတွေးအခေါ် ရှုပ်ထွေးစေမှုတွေကို ဟန်ချက် ညီလုပ်နိုင်ရင် ရန်သူကို စိတ်ဓာတ်ကျဆင်းအောင် လုပ်ယူလို့ ရနိုင်မယ်”
ဆရာက ဒီစကားတွေကို နှုတ်ကလဲပြော၊ slide show နဲ့ နမူနာပုံတွေကို ပြသခဲ့သလို၊ ကွန်ပျူတာလက်တွေ့ သင်ခန်း စာ အချိန်မှာလဲ Probabilistic Graphic Models တွေကို အသုံးပြုပြီး၊ စီမံချက်တွေ ရေးဆွဲစေခဲ့ပါတယ်။
ဘ၀ ရပ်တည်မှု အလုပ်အကိုင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါပဲ။
နိဂုံး
ဘ၀မှာ မရေရာ၊ မသေချာမှု (uncertainty) နဲ့ ပတ်သက်ပြီး၊ လူအမျိုးမျိုးဆီက အတွေး အမြင်များစွာကို ရခဲ့ဖူးပါတယ်။ အယူအဆတွေကတော့ အမျိုးမျိုးပါပဲ။ အမှန်တရား ဆိုတာကလဲ ရှာဖွေလေ၊ ခက်ခဲလေ။ဘယ်လိုပဲဖြစ်ဖြစ် မသေချာ၊ မရေရာတဲ့ လောကကြီးမှာ ဘယ်သူ့အမြင်၊ ဘယ်သူ့အတွေး၊ ဘယ်သူ့အလုပ်ကက မှန်ကန်တယ်ဆိုတာ သေချာပေါက် မပြောနိုင်ပေမယ့်၊ လက်တွေ့မှာ အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ အတွေးအမြင်၊ သင်ခန်းစာတွေကို အသုံးပြုရင်းနဲ့ မရေရာ၊ မသေချာမှုတွေကို ရင်ဆိုင်ဖြတ်သန်းကြမယ် ဆိုရင်ဖြင့် … ။
ခင်မမမျိုး (၁၊ ၅၊ ၂၀၁၁)
Ref;Naytthit
0 comments:
Post a Comment